Home
နိုင်ငံတကာ
ဂါဇာတွင် WCK အဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့မှုအပေါ် အစ္စရေး တောင်းပန်
DVB
·
April 3, 2024
IsraelArmyChief_03042024

ဂါဇာရှိ WCK အဖွဲ့ဝင်တွေကို မရည်ရွယ်ဘဲ ထိခိုက်နစ်နာသွားစေတဲ့အတွက် တောင်းပန်ပါတယ်လို့ အစ္စရေးစစ်တပ် အကြီးအကဲ ဟာဇီ ဟာလေဗီက ဧပြီ ၃ ရက်မှာ ပြောကြားပါတယ်။

အစ္စရေးဟာ ဂါဇာရှိလူတွေနဲ့ မဟုတ်ဘဲ ဟားမတ်စ်တွေနဲ့ပဲ စစ်တိုက်နေတာဖြစ်ပြီး အစားအစာအကူအညီပေးရေးအဖွဲ့ (WCK) အဖွဲ့ဝင်တွေအတွက် မရည်ရွယ်ဘဲ ထိခိုက်နစ်နာသွားရတာဖြစ်ကြောင်း ပြောပါတယ်။

“WCK အကူအညီပေးရေး လုပ်သားခုနှစ်ဦး သေဆုံးသွားရတဲ့ကိစ္စဟာ သူတို့တွေကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာ မဟုတ်ပါဘူး။ စစ်ပွဲကာလအတွင်း၊ ညဘက်ကြီး၊ အလွန်ရှုပ်ထွေးတဲ့ အခြေအနေတွေမှာ အထင်အမြင်လွဲသွားခြင်းရဲ့ နောက်ဆက်တွဲ အမှားအယွင်းတခုပါ။ မဖြစ်သင့်တဲ့ကိစ္စပါ” လို့ ဟာလေဗီက ပြောပါတယ်။

“အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဟာ WCK အဖွဲ့နဲ့ အလွန်အနီးကပ် အတူတကွ လုပ်ဆောင်နေပါတယ်” လို့လည်း သူက ဆိုပါတယ်။

ဒီဖြစ်စဉ်ကို လွတ်လပ်တဲ့အဖွဲ့တဖွဲ့က စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်မှာဖြစ်ပြီး လာမယ့်ရက်တွေအတွင်း ပြီးမြောက်မှာဖြစ်ကြောင်းလည်း သူကဆိုပါတယ်။

စုံစမ်းတွေ့ရှိချက်တွေကို WCK အဖွဲ့နဲ့ တခြား သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေ ဆီကိုလည်း မျှဝေသွားမှာဖြစ်ကြောင်း အစ္စရေးစစ်တပ် ဦးစီးချုပ် ဟာလေဗီက ပြောပါတယ်။

ဂါဇာမှာ ဧပြီ ၁ ရက်က ပရဟိတအဖွဲ့ရဲ့ လိုဂိုတံဆိပ် တပ်ဆင်ထားတဲ့ သံချပ်ကာကားနှစ်စီးနဲ့ တခြားမော်တော်ယာဉ်တစီးတို့ ခရီးသွားလာနေချိန်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု တခုအတွင်း အကူအညီပေးရေးလုပ်သား ခုနှစ်ဦး သေဆုံးခဲ့တာပါ။

ဒီယာဉ်တန်းဟာ ဂါဇာကမ်းမြောင်ဆီ ပင်လယ်လမ်းကနေ တင်ပို့လာတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ တန်ချိန် ၁၀၀ ကျော်ကို ဂိုဒေါင်တခုကနေ သယ်ဆောင်လာတဲ့ယာဉ်တန်းလည်း ဖြစ်ပါတယ်။

WCK ယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် သြစတြေးလျ၊ ဗြိတိန်နဲ့ ပိုလန်နိုင်ငံသားတွေ အပြင် ပါလက်စတိုင်း၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံသားတွေ သေဆုံးခဲ့ကြတာပါ။

WCK ဟာ သူ့ဝန်ထမ်းတွေ ခရီးသွားနေချိန်မှာ သူတို့ရဲ့လှုပ်ရှားမှုတွေကို အစ္စရေးစစ်တပ်နဲ့ ညှိနှိုင်းခဲ့ကြောင်းလည်း ပြောထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013