ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ဖို့အတွက် လျှောက်ထားတဲ့ မွန်တိုးတက်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
မွန်နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီ (MUP) က ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ဖို့အတွက် ၂၀၂၃ ဩဂုတ်လမှာ မွန်တိုးတက်ရေးပါတီအနေနဲ့ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပါတီတည်ထောင်ခွင့် ပြုခဲ့ပါတယ်။
မွန်တိုးတက်ရေးပါတီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ကို ဖေဖော်ဝါရီ ၁၆ ရက်မှာ လျှောက်ထားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီ ၁ ရက်မှာ လက်ခံခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ဖိနှိပ်မှုကို တနိုင်ငံလုံးသာမက မွန်ပြည်သူတွေပါ ခံစားနေရတဲ့အချိန်မှာ ကိုယ်ကောင်းစားရေးကိုသာ ကြည့်ပြီး စစ်ကောင်စီ သက်ဆိုးရှည်အောင် လုပ်ဆောင်နေတဲ့ ပါတီတခုက လူတစုဟာ မွန်ပြည်သူအားလုံးကို ကိုယ်စားမပြုဘူးလို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တာဝန်ခံ နာဲနဂါ(နိုင်နဂါး) က ပြောပါတယ်။
“စစ်ကောင်စီက ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်တာကို ဘာကိုအကျိုးမျှော်ကိုးပြီး ဘာအကြောင်းကြောင့် မှတ်ပုံတင်နေလဲတော့ မပြောတတ်ဘူး။ စစ်အာဏာသိမ်းပြီးတည်းက MUP က စစ်ကောင်စီရဲ့အောက်မှာ တာဝန်ထမ်းဆောင်ဖို့အတွက် ကိုယ်စားလှယ်တွေ လွှတ်တယ်။ သူတို့ရဲ့ အကြောင်းပြချက်က မွန်တွေ သွေးချောင်းစီးတာ မမြင်ချင်လို့ဆိုပြီး ပြောပြီး ခုကျတော့ သူတို့ အသံတွေတိတ်နေကြတယ်။ မွန်ပြည်သူတွေ ဒုက္ခဝေနေတဲ့အချိန်မှာ သူတို့ကောင်းစားရေးပဲ ကြည့်ပြီး မှတ်ပုံတင်နေတဲ့သူတွေက မွန်တမျိုးသားလုံးကို ကိုယ်စားမပြုပါဘူး။”
မွန်တိုးတက်ရေးပါတီကို ပါတီမှတ်ပုံတင်ခွင့် ပြုခဲ့ပေမဲ့ မွန်ပြည်နယ်အတွင်း စည်းရုံးမယ့် မွန်ညီညွတ်ရေးပါတီ (MUP) ကတော့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားတာကို စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တနှစ်ကျော်ကြာတဲ့အထိ လက်မခံသေးပါဘူး။
မွန်ပါတီတွေထဲမှာ မွန်တိုးတက်ရေးပါတီနဲ့ ပြည်ထောင်စုတဝန်းစည်းရုံးတဲ့ အမျိုးသမီးပါတီ (မွန်) နှစ်ခုတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားပါတယ်။