ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၅၅ တပ်စခန်းကို ပြန်လည်ရရှိဖို့အတွက် စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေကို KNLA ပူးပေါင်း တပ်ဖွဲ့က စောင့်ကြိုပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၀ သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
မတ် ၉ ရက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်ထားတဲ့ သင်္ကန်းညီနောင်အခြေစိုက် ခမရ ၃၅၅ တပ်ရင်းကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီတပ်ရင်း ၉၇၊ ၁၀၂၊ ၁၁၈၊ ၅၄၆၊ ၃၅၆ တပ်ရင်းတို့မှ စစ်ကူတွေနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် မတ် ၁၅ ရက်မှ ၂၀ ရက်အတွင်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့က ထိခိုက်မှုမရှိခဲ့ပေမဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတဦး သေဆုံး၊ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင်နေအိမ်များစွာလည်း ပျက်စီးခဲ့ပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို သေနတ်နဲ့ ခဲယမ်းအများအပြားလည်း သိမ်းပိုက်ရရှိခဲ့တာကို KNU က ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
သင်္ကန်းညီနောင် ခမရ ၃၅၅ ကို မတ် ၂၀ မှ ၂၅ အတွင်း နောက်ထပ်စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေကို KNLA နဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေက ထပ်မံ စောင့်ကြို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားငါးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို KNLA ပူးပေါင်းတပ်ဘက်က တဦးကျဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
KNU တပ်မဟာ ၆ နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က စခန်းသိမ်းတိုက်ပွဲတွေ၊ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့အတွက် စစ်ကောင်စီတပ်နဲ့ နေ့စဉ် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
Photo-KNU