ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကနေ စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေဟာ ဖယ်ခုံမြို့နယ် တနေရာမှာ သုံးနှစ်နီးပါးထိ စစ်ဘေးရှောင်နေကြရပြီး စစ်ရှောင်ကာလ ကြာမြင့်လာတာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ရှိနေတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေက ပြောပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတဦးက “နွေရာသီဆိုတော့ ရေအရမ်းရှားပါတယ်။ ရေအလှူရှင်တွေကို မျှော်နေရတယ်ပေါ့။ ဆန်ဆိုလည်း အဲ့လိုပဲ။ တောင်ယာကလည်း အခုချိန်လည်း မလုပ်ရတော့ အလုပ်လက်မဲ့ ဖြစ်နေရတာပေါ့။ အလှူရှင်တွေ မရှိတော့ရင် တွေးတောင်မတွေးရဲဘူး” လို့ ပြောပါတယ်။
စစ်ရှောင်စခန်းမှာ အိမ်ခြေ ၄၀ ကျော်ရှိပြီး လူဦးရေ ၁၃၀ ကျော် နေထိုင်ကာ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် ၅၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေကို စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေ၊ နင်းမိုင်းတွေ ထောင်ထားတဲ့အပြင် နေအိမ်မီးရှို့တာတွေကိုလည်း ပြုလုပ်နေတာကြောင့် နေရပ်ပြန်ပြီး တောင်ယာတွေ၊ လယ်တွေ လုပ်ကိုင်ဖို့အတွက် ခက်ခဲတဲ့အပြင် နွေရာသီကာလမှာ နေ့စားအနေနဲ့ တောင်ယာအငှားလိုက်ဖို့အတွက်လည်း မရှိတာကြောင့် အလှူရှင်တွေကိုပဲ မျှော်နေရတယ်လို့ ဆိုပါတယ်။
စစ်ရှောင်ကာလ ကြာတာနဲ့အမျှ စားနပ်ရိက္ခာလှူဒါန်းမှုတွေ လျော့နည်းလာပြီး စစ်ဘေးရှောင် ပြည်သူတွေအတွက် မိုးကာ၊ ရေ၊ စားနပ်ရိက္ခာ စတဲ့ လိုအပ်ချက်တွေနဲ့ အခက်အခဲတွေက များလာတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁ ရက်မှာ စစ်ကောင်စီတပ်က မိုးဗြဲမြို့ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်ငါးလုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။