Home
မြန်မာသတင်း
ဓမ္မသစစ်ဘေးဒုက္ခသည်များအတွက် ထိုင်းလက်ရွေးစင်ဘောလုံးသမား ဂျာစီအင်္ကျီ လေလံတင်
DVB
·
April 3, 2024
vit-3032024

အကြမ်းဖက် စစ်အုပ်စုကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရတဲ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာက စစ်ဘေးဒုက္ခသည်တွေအတွက် ထိုင်း ယူ-၂၃ လက်ရွေးစင် ဘောလုံးသမားတယောက်က သူ့ရဲ့ ဂျာစီအင်္ကျီကို လေလံတင်ရောင်းချခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဘောလုံးသမား ပေါင်ဆာခွန် ဆန်ခါဆိုဖာဟာ ပြီးခဲ့တဲ့နှစ်က ပါဝင်ကစားခဲ့တဲ့ အသက် ၁၇ နှစ်အောက် AFC U17 Asia Cup Thailand ပွဲတုန်းက သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၅ ဂျာစီ အင်္ကျီကို အွန်လိုင်းပေါ်က လေလံတင်ရောင်းချခဲ့တာဖြစ်ပြီး လေလံကြေးဘတ် ၃၆,၅၀၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လေလံဈေးအမြင့်ဆုံးပေးဝယ်ယူသွားခဲ့သူကိုတော့ ပန်ဆွတ်အမည်ရတဲ့ မွန်အမျိုးသမီး တယောက်ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ပေါင်ဆာခွန်က “လေလံပွဲမှာ ပါဝင်ပေးခဲ့ကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးက စစ်ဘေးဒဏ်သင့်သူတွေကို ကူညီရာမှာ တစိတ်တပိုင်းပါဝင်နေကြသူတွေပါပဲ။ လေလံအနိုင်ရရှိသူကိုလည်း ကျေးဇူးတင်ပါတယ်။ လေလံကြေးက ထင်မှတ်မထားရ လောက်အောင် တကယ်မြင့်တဲ့ ဈေးရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

ပေါင်ဆာခွန်ကိုတော့ မွန်မိသားစုက ထိုင်းနိုင်ငံအနောက်ပိုင်း ဆန်ခလဘူရီခရိုင်ထဲမှာ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ထိုင်းလိဂ်ဝမ်းကလပ် ရတ်ချာဘူရီကလပ်မှာ ကစားနေပြီး  ထိုင်းယူ-၂၃ အသင်းမှာလည်း လက်ရွေးစင်ကစားသမားအဖြစ် ရွေးချယ်ခံထားရပါတယ်။ 

ကျိုက်မရောမြို့နယ်ထဲက ဓမ္မသကျေးရွာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၇ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးအများအပြားနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၃၀၀ လောက် မီးလောင်ပျက်စီးပြီး လူတဦးသေဆုံးခဲ့ကာ ၃၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြေ ၁၀၀၀ လောက်ရှိတဲ့ ဓမ္မသကျေးရွာထဲကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာ မရှိဘဲ မြေပြင်နဲ့ လေကြောင်းကရော မြစ်ထဲကနေ ရေတပ်သင်္ဘောကနေပါ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒေသခံ စစ်ဘေးရှောင်ရွာသားတွေဟာ ကျေးရွာက ထွက်ပြေးနေရပြီး ဘေးကင်းလုံခြုံရေးအတွက် ဂူတွေနဲ့ တောတောင်တွေထဲမှာ ရှောင်တိမ်းနေထိုင်နေကြရတယ်လို့ သိရပါတယ်။

မွန်ဖက်ဒရယ် ကောင်စီကတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အမြန်ဆုံး ရပ်တန့်ဖို့အတွက် ပြည်သူလူထုတရပ်လုံး နည်းမျိုးစုံနဲ့ တိုက်ထုတ်သွားဖို့နဲ့ စစ်ကောင်စီကို အလျှင်အမြန်ဖြုတ်ချဖို့ တိုက်တွန်းထားသလို အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ပြည်သူတွေကို မွန်ပြည်နယ်အတွင်းက မွန်ပြည်သူတွေ၊ ပြည်ပရောက်မွန်ပြည်သူတွေ၊ မြန်မာနိုင်ငံက ပြည်သူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့လည်း တောင်းဆိုထားပါတယ်။

source-bangkokpost.

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013