Home
မြန်မာသတင်း
လျှပ်စစ်မီးပြတ်ချိန်ကို လစာက ပြန်နုတ်သဖြင့် ဧရာဝတီတိုင်းက အထည်ချုပ်လုပ်သားများ နစ်နာနေ
DVB
·
April 3, 2024
gar 342024

ဧရာဝတီတိုင်းက အထည်ချုပ်စက်ရုံတွေမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် အချိန်ပိုင်းနဲ့သာအလုပ်လုပ်နေရပြီး မီးပြတ်ချိန်တွေကို လုပ်အားခလစာအတွင်းက ဖြတ်တောက်နုတ်ယူနေလို့ အထည်ချုပ်လုပ်သားတွေ နစ်နာနေကြပါတယ်။

ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဒီနေ့အထိ ကာလရှည် လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေတာကြောင့် အထည်ချုပ်လုပ်ငန်းတွေမှာ မီးလာတဲ့အချိန်ကို စောင့်ဆိုင်း အလုပ် လုပ်ကိုင်နေရတယ်လို့ အထည်ချုပ်အလုပ်သမားတွေက ပြောပါတယ်။

အဲ့ဒီ အထည်ချုပ်စက်ရုံတွေမှာ အခုလို အခြေအနေတွေနဲ့ လည်ပတ်နေတဲ့အတွက် မီးလာတဲ့ အချိန်အတွင်းသာ အလုပ်လုပ်နေရပြီး မီးမလာတဲ့အချိန် အလုပ်နားထားရတာကို လုပ်အားခ လစာအတွင်းက ပြန်လည်ဖြတ်တောက်နုတ်ယူနေတာကြောင့် အထည်ချုပ်အလုပ်သမားတွေ နစ်နာနေကြတယ်လို့ အလုပ်သမားတယောက်က ပြောပါတယ်။

“မီးကလာတဲ့အချိန်နဲ့ ပြတ်တောက်ချိန်ကလည်း ပြတ်တောက်တဲ့အချိန်ကများနေတယ်။ မီးလာ တဲ့အချိန်လေးပဲ အလုပ်လုပ်ရတာ၊ မီးမလာတဲ့အချိန် နားနေရတယ်။ လကုန်လို့ ငွေရှင်းတော့ မီးမလာတဲ့အချိန်တွေ နားနေရတာကို ဖြတ်နုတ်လိုက်တာ၊ ဘာမှ မကျန်ဘူး။ ဒီအတိုင်းဆို မလွယ်တော့ဘူး၊ တော်တော် နစ်နာမှုတွေ ရှိနေတယ်။''

ဒါ့အပြင် လျှပ်စစ်မီးလာတဲ့အချိန်မှ အလုပ်လုပ်ရပြီး အိမ်ပြန်ချိန်နောက်ကျတာကြောင့် အထည် ချုပ် ဝန်ထမ်း အမျိုးသမီးတွေအတွက် လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“မီးလာတော့ မီးလာတုန်းလေး လုပ်ပါဆိုလို့ လုပ်ရတာ။ ပုံမှန် အလုပ်ဆင်းတဲ့အချိန် မဆင်းရဘူး။ အနည်း ည ၁၀ နာရီအထိ အလုပ်လုပ်ပေးနေရတော့ မိန်းကလေးတွေအတွက် အဆင်မပြေဘူး။ ခေတ်ကလည်း မကောင်းတော့ ပိုဆိုးတယ်။ ပါးစပ်နဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ ရှိလာတယ်။ နောက်ဆို ကိုယ်ထိလက်ရောက်ဖြစ်တော့မှာ။” 

ဒါ့အပြင် ဧရာဝတီတိုင်းမှာရှိတဲ့ အခြားအထည်ချုပ်စက်ရုံတွေမှာ အော်ဒါထည်မှာယူတာတွေ နည်းပါးလာတာကြောင့် အထည်ချုပ်လုပ်သား လျော့ချတာ၊ နေ့စားစနစ်နဲ့သာ အလုပ်ခန့်ထားတာတွေ လုပ်လာတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013