Home
မြန်မာသတင်း
အမေရိကန်ကုမ္ပဏီ Schlumberger က  MOGE ကိုပစ္စည်းကိရိယာများ ဆက်ရောင်းချနေ 
DVB
·
April 3, 2024
moge 342024

အမေရိကန် စတော့အိတ်ချိန်းစာရင်းဝင် ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီကြီးတခုဖြစ်တဲ့ Schlumberger က စစ်ကောင်စီ ထိန်းချုပ်မှုအောက်က မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ဆီ ပစ္စည်းကိရိယာတွေ ဆက်လက် ရောင်းချပေးအပ်နေတယ်လို့ Justice For Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

MOGE ဟာ ပြည်သူတွေအပေါ် စစ်တပ်ရဲ့အကြမ်းဖက်မှုတွေအတွက် ငွေကြေး ထောက်ပံ့နေတာကို သိရက်နဲ့ Schlumberger ကုမ္ပဏီအနေနဲ့ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို ဖောက်ဖျက်ပြီး အနေနဲ့ခုလို ပစ္စည်းတွေ ဆက်လက်ရောင်းချပေးနေတာ လို့ဆိုပါတယ်။

 ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ Justice For Myanmar အဖွဲ့ က အမေရိကန်နဲ့ တခြားနိုင်ငံတွေက Schlumberger ကုမ္ပဏီအပါအဝင်  မြန်မာစစ်အာဏာရှင်ကို ထောက်ကန်ပေးထားတဲ့ ရေနံလုပ်ငန်းဝန်ဆောင်မှု ကုမ္ပဏီ ၂၂ ခုကို ရှာဖွေ ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်နဲ့ နိုဝင်ဘာလတွေမှာ Schlumberger Vietnam Services ကုမ္ပဏီက MOGE ရဲ့ မန်းနေးဂျင်းဒါရိုက်တာဆီ ကုန်ပစ္စည်းတင်ပို့မှု နှစ်ကြိမ်ရှိခဲ့တယ်လို့ ဖော်ပြနေပြီး အဆိုပါ တင်ပို့မှု နှစ်ကြိမ်စလုံးဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွင်းတွေမှာ အသုံးပြုတဲ့ ကေဘယ်လ်ကြိုးတွေကို တိုင်းတာဖို့အတွက် လေဆာချိန်ညှိကိရိယာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးအကြိမ်တင်ပို့မှုကတော့ အမေရိကန်နိုင်ငံက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ MOGE ကို ဘဏ္ဍာရေးဝန်ဆောင်မှု ပေးအပ်တာတွေအပေါ် ကန့်သတ်ပိတ်ပင်မှုတွေ ပြဋ္ဌာန်းပြီး နောက်ပိုင်း ပေးပို့ခဲ့တာဖြစ်ပြီး ဒါက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လိုက်နာဖို့ ပျက်ကွက်တာဖြစ်တယ်လို့ Justice For Myanmar အဖွဲ့က ပြောပါတယ်။

Schlumberger ဟာ နယူးရောက်စတော့အိတ်ချိန်းစာရင်းဝင် ရေနံလုပ်ငန်းဝန်ဆောင်မှု ကော်ပိုရေးရှင်းတခုဖြစ်အပြီး သူတို့ရဲ့ ပနားမားအခြေစိုက်ကုမ္ပဏီခွဲ Schlumberger Logelco ဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းခွဲ တခုရှိနေပြီး မှတ်ပုံတင်ထားဆဲဖြစ်ပါတယ်။

အဆိုပါလုပ်ငန်းခွဲ ဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ တနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၇ မီလီယံ အခွန်ဝင်ငွေ ရရှိခဲ့ကြောင်း လျှို့ဝှက်ပေါက်ကြားလာတဲ့ အခွန်ငွေစာရင်းတွေအရ သိရပြီး အဆိုပါအခွန်ငွေတွေအပေါ် အခွန်မဆောင်မီ အမြတ်ငွေကတော့ အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ သန်းကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ နောက်ဆုံးသုံးလစာ စာရင်းတွေအရ အဆိုပါလုပ်ငန်းခွဲအနေနဲ့ နောက်ထပ် အခွန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ သန်းခွဲရရှိခဲ့ပြီး အများစုကို POSCO International နဲ့ တခြားနိုင်ငံခြား ရေနံကုမ္ပဏီတွေဆီက ရရှိခဲ့တာဖြစ်ပြီး MOGE ဆီက လည်း တိုက်ရိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် Justice For Myanmar အဖွဲ့ရဲ့ သတင်းရင်းမြစ်အရ MOGE ဟာ ၂၀၂၂ ခုနှစ် အတွင်း Schlumberger ကုမ္ပဏီဆီ ငွေပေးချေမှု အကြိမ်ရေများစွာ ပြုလုပ်ခဲ့တယ်လို့ လည်း ဆိုပါတယ်။

Schlumberger နဲ့ တခြားးရေနံလုပ်ငန်း ဝန်ဆောင်မှုကုမ္ပဏီတွေအနေနဲ့ သူတို့လုပ်ဆောင်နေတဲ့ စီမံကိန်းတွေကနေ စစ်အုပ်စုဆီ ငွေပေးချေမှုတွေကို ရပ်တန့်ပြီးတော့ အကာအကွယ်ပြုထားတဲ့ အကောင့်တွေမှာ သိမ်းဆည်းထားခြင်းမရှိပါက မြန်မာနိုင်ငံက သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်တန့်ဖို့လည်း Justice For Myanmar အဖွဲ့က တောင်းဆို ပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ အစိုးရတွေအနေနဲ့လည်း MOGE နဲ့အတူ တရားမဝင်စစ်အုပ်စုအတွက် ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာနဲ့ လေယာဉ်ဆီတွေ ရရှိနေတဲ့ တခြားအရင်းအမြစ်အားလုံးအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချက်ချင်းချမှတ်ဖို့လည်း တောင်းဆိုထားပါတယ်။

Photo-JFM

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013