မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ခလရ ၉၆ တပ်ရှေ့မှာရှိတဲ့ လျှပ်စစ်မီးခွဲရုံးမှာ စောင့်နေတဲ့ စစ်ကောင်စီ တပ်သားတွေကို ဧပြီ ၂ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့သလို အရပ်သား အမျိုးသမီးတဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီအင်အား ၁၀ ဦးကျော်ရှိတဲ့ လျှပ်စစ်ရုံးကို ဧပြီ ၂ ရက် မနက် ၁၁ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅၊ တပ်ခွဲ ၄ UG အဖွဲ့ ဝာာဝန်ရှိသူတဦးက ပြောပါတယ်။
“အဓိကကတော့ ခွဲရုံးမှာစောင့်နေတဲ့ စခတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာပါ။ ၉၆ တပ်ထဲကိုက အဲဒီဘက်က ကူမပစ်နိုင်အောင် အရန်အနေနဲ့ ကာပစ်တဲ့သဘောပါ။ ပြည်သူတွေ ပြောတာတော့ နှစ်ဦးသေဆုံးတယ် ဆိုပေမဲ့ ထိခိုက်မှုအတိအကျကို အတည်ပြုလို့ မရသေးပါဘူး။ ပြည်သူတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။”
လျှစ်စစ်ရုံး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိသလို ရုံးအနောက်ဘက်မှာ နေထိုင်တဲ့ မသဲသဲအောင် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ဓာတ်အားလိုင်း ကြွေသီးတွေ ထိမှန်ခဲ့တာကြောင့် လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ရုံးမှာစောင့်နေတဲ့ ကောင်တွေကို PDF တွေက လာပစ်တာ၊ ရုံးအနောက်မှာနေတဲ့ အမျိုးသမီးကို ထိသွားတယ်။ စစ်သားတွေထိပြီး သေတာတွေလည်း ရှိတယ်။ ကြွေသီးထိသွားတယ်လို့ ပြောတာပဲ၊ သေချာတော့ မသိဘူး။ တနေကုန်တော့ မီးပြတ်သွားတာ၊ မိုးချုပ်ခါနီးမှ မီးပြန်လာတယ်။”
ပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက မြို့တွင်းမှာ လုံခြုံရေးတင်းကျပ်ခဲ့ပြီး သုံးနေရာထက်မနည်း စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထိုမြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီသတင်းပေးတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း မကြာခဏ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီက အစစ်အဆေးကြမ်းနေပြီး ဆိုင်ကယ် နှစ်ယောက်စီးခွင့်လည်း ပိတ်ပင်ထားပါတယ်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာရှိတဲ့ ကရုပ္ပိရဲစခန်းကို ဧပြီ ၂ ရက်နေ့မနက်အစောပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဆီက သိရပါတယ်။
သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီ ၂ ရက်နေ့ မနက် ၆ နာရီကျော်လောက် တိုက်ခိုက်ခဲ့တာလို့ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။
"ကျနော်တို့ ပူးပေါင်းအဖွဲ့တွေ လက်နက်ကြီး၊ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ ရန်သူဘက်က ထိခိုက်မှုရှိတယ်ဆိုပေမဲ့ ကျနော်တို့ သီးခြား အတည်ပြုလို့မရသေးပါဘူး။ သူတို့ဘက်ကလည်း လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တာရှိပေမယ့် ကျနော်တို့အဖွဲ့ ထိခိုက်မှု မရှိခဲ့ပါဘူး။ သူတို့မနက် ၈ နာရီက အမှတ် ၈ လမ်းမပေါ်က ရွာတွေဘက်ကို လက်နက်ကြီး ၅လုံး ထက်မနည်းပစ်ပေမဲ့ ပြည်သူထိခိုက်မှု မရှိခဲ့ပါဘူး။"
ကရုပ္ပိကျေးရွာရဲစခန်းကို ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) NMSP-ADနဲ့ တောင်ညိုစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ တော်လှန်ရေးဘက်ကို ရောက်လာပြီးတဲ့ နောက်ပိုင်း မွန်ပြည်နယ်ဘက်မှာ တိုက်ပွဲဆက်တိုက်ဖြစ်နေတာကြောင့် မကြာတော့တဲ့ကာလမှာ တော်လှန်ရေး အဆုံးသတ်နိုင်တော့မယ်ဆိုတာကို ယုံကြည်တယ်လို့ ဗိုလ်ရန်နိုင်ကပြောပါတယ်။
စစ်ရှုံးနေတဲ့ စစ်ကောင်စီက ပြည်သူတွေကိုပစ်မှတ်ထားပြီး လေကြောင်းနဲ့ မြေပြင်ကနေပါ လက်နက်ကြီးတွေ ပစ်ခတ်လာနိုင်တဲ့အတွက် ဗုံးခိုကျင်းတွေတူးထားဖို့ ရေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPDF) က တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်ကလည်း သံဖြူဇရပ်၊ သက္ကော်ကျေးရွာ ဘုရားသုံးဆူလမ်းဝရှိ စစ်ကောင်စီ ဂိတ်ကို NMSP-AD၊ KNU/KNLA၊ YPDF နဲ့ တောင်ညိုစစ်ကြောင်းတို့က ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ဦး သေပြီး ၃ဦး ဒဏ်ရာရခဲ့ပါတယ်။