Home
မြန်မာသတင်း
ပေါက်တောတွင် စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၆ ဦး ဒဏ်ရာရ 
DVB
·
April 3, 2024
PaukTawArmVictims_03042024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ အထိုင်တပ်ရင်းတွေထဲကနေ ဧပြီ ၂ ရက် မွန်းလွဲ ၁၂ နာရီလောက်မှာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ပေါက်တောမြို့နယ်၊ မော်ထုပ်ကြီးကျေးရွာမှာ ကျရောက်ပေါက်ကွဲပြီး အပြစ်မဲ့ အရပ်သားခြောက်ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

စစ်တွေအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မော်ထုပ်ကြီးကျေးရွာက ဈေးအနီးမှာ ကျရောက်ပေါက်ကွဲပြီး အနီးအနားမှာရှိတဲ့ ပြည်သူခြောက်ဦးကို ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့အထဲက တဦးမှာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။

ပေါက်တောမြို့ ဒေသခံတဦးက “ဈေးအနားမှာရှိတဲ့ ဓာတ်တိုင်မှာ လက်နက်ကြီးက လာမှန်တာ။ ဈေးမှာ လူရှုပ်တဲ့အချိန် မဟုတ်လို့ အသေအပျောက်မရှိတာ။ အနီးမှာရှိတဲ့ ခြောက်ဦးတော့ ဒဏ်ရာရသွားကြတယ်။ တဦးဆို ခေါင်းမှာထိသွားတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်” လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားတဲ့ အပြစ်မဲ့ အရပ်သားတွေဟာ ပေါက်တောမြို့နယ် မော်ထုပ်ကြီးရွာမှ အသက် ၂၆ နှစ်အရွယ် မောင်ဇော်ဝင်းနိုင်၊ အသက် ၃၂ နှစ်အရွယ် ဒေါ်ခင်ရွှေဝင်း၊ အသက် ၆၉ နှစ်အရွယ် ဒေါ်ကံယုံမေ၊ အသက် ၂၇ နှစ်အရွယ် မစန္ဒာဝင်း၊ အသက် ၆၈ နှစ်အရွယ် ဦးအောင်ဇင်ဖြူ နဲ့ အသက် ၄၈ နှစ်အရွယ် ဦးကျော်နုဖြူတို့ ဖြစ်ကြပါတယ်။

လက်ရှိ ဒဏ်ရာရထားတဲ့သူတွေဟာ နီးစပ်ရာ ဆေးခန်းတွေမှာ ဆေးကုသမှု ခံယူနေပြီး မော်ထုပ်ကြီးကျေးရွာက ဒေသခံတွေဟာ ရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကြောက်ရွံ့နေကြပြီး လုံခြုံတဲ့နေရာကို ပြောင်းရွှေ့နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပေါက်တောမြို့ပေါ်မှ စစ်ဘေးရှောင်လာသူတဦးက “အိမ်ထဲ ရွာထဲမှာ နေရင်လည်း လက်နက်ကြီးက လာထိတယ်။ ကိုယ့်အိမ် ကိုယ့်ရာမှာ နေရင်းနဲ့ အသက်သေနေကြရတယ်။ ဘယ်နေရာမှာမှ လုံခြုံတယ်ဆိုတာ မရှိဘူး။ လက်နက်ကြီးကျတယ်၊ မဟုတ်ရင် လေယာဥ်နဲ့လာပစ်တယ်၊ နေဗီပေါ်ကနေ ပစ်သွားတယ်။ ပြည်သူတွေကို မသေရင် သေအောင် သတ်နေကြတာ။ အသက်အန္တရာယ် လုံခြုံတယ်ဆိုတာ မရှိတော့ဘူး” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဟာ စစ်ရေးရှုံးနိမ့်မှုတွေ ဆက်တိုက် ကြုံတွေ့နေရတာကြောင့် ရက္ခိုင့်တပ်တော်ဘက်က သိမ်းပိုက်ထားတဲ့ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ပေါက်တော၊ ကျောက်တော်မြို့တွေကို လေကြောင်းနဲ့ ဆက်တိုက်ဆိုသလို ဗုံးကြဲနေပြီး အရပ်သား ပြည်သူတွေ နေထိုင်ရာတွေကို စစ်ရေးပစ်မှတ်အဖြစ်နဲ့ တိုက်ခိုက်နေပါတယ်။

ရခိုင်တကျော့ပြန်စစ်ပွဲတွေ စတဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ စစ်ကောင်စီက လေကြောင်းအပြင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အရပ်သားပြည်သူတွေကို ပစ်ခတ်တာကြောင့် ရခိုင်ပြည်နယ်မှာ အရပ်သား သေဆုံးသူ ၂၀၀ ကျော်နဲ့ ဒဏ်ရာရရှိသူ ၅၀၀ ကျော် ရှိလာပြီလို့ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားတဲ့ မြို့တွေက အရပ်သားပြည်သူတွေ နေထိုင်ရာတွေကို လေကြောင်းနဲ့ နေ့တိုင်းနီးပါး တိုက်ခိုက်နေတာကြောင့် အရပ်သား သေဆုံးမှုနှုန်းနဲ့ ဒဏ်ရာရရှိမှု အရေအတွက်ဟာ ပိုမိုမြင့်တက်လာပါတယ်။

စစ်ရေးရှုံးနိမ့်မှုတွေနဲ့အတူ ရခိုင်ပြည်နယ်က စစ်ရေးအတွက် အချက်အချာကျတဲ့မြို့တွေ၊ ဗျူဟာကုန်းတွေနဲ့ စစ်ကောင်စီတပ်သား ထောင်ချီ လက်နက်ချ အလင်းဝင်မှုတွေကြောင့် ရခိုင်ပြည်နယ်ကို လက်လွှတ်ဆုံးရှုံးရမယ့်အရေးနဲ့ ကြုံတွေ့နေတဲ့ စစ်ကောင်စီဟာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ အပါအဝင် ဈေး၊ ယဥ်ကျေးမှု အမွေအနှစ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ဖျက်ဆီးနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013