Home
မြန်မာသတင်း
လွိုင်ကော်တွင် စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းပြီး စစ်သင်တန်းပေးနေ
DVB
·
April 3, 2024
train 342024

ကရင်နီ(ကယား) ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရ လူငယ်တွေကိုဆင့်ခေါ်ဖို့ မလွယ်တာကြောင့် လွိုင်ကော်မှာ ပြည်သူ့စစ်အဖွဲ့ ဖွဲ့ပြီး စစ်သင်တန်းပေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှာ ဧပြီ ၁ ရက် မနက်က စစ်သင်တန်းတက်မယ့်သူတွေကို တွေ့ဆုံပြီး ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းပေးခဲ့တာလို့ မြို့ခံတဦးက ပြောပါတယ်။

“သင်တန်းက လွိုင်ကော် ဒကစ ထဲမှာပေးတာ၊ နှစ်ကြိမ်ရှိပြီ။ အခုက လက်နက်ငယ်ပစ်ခတ်မှုသင်တန်း အပတ်စဥ် ၁ ကသူတွေရော ၂ ကသူတွေရော တက်ကြတာ။”

ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှာ ပြုလုပ်တဲ့ အခြေခံစစ်သင်တန်းနဲ့ လက်နက်ငယ်ပစ်ခတ်မှု သင်တန်းဖွင့်ပွဲကို ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဒကစမှူး(လွိုင်ကော်) ဗိုလ်မှူးချုပ်ထွန်းနိုင်ဦးနဲ့ တပ်ရင်းမှူးတချို့ တက်ရောက်ပြီး ထောက်ပံ့ငွေ သိန်း ၆၀ ကျော်နဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ခဲ့တယ်လို့ ပြည်သူ့စစ်အဖွဲ့နဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“လွိုင်ကော်မှာ စစ်မှုထမ်းဆင့်ခေါ်တာ မဟုတ်ဘဲ ပြည်သူ့စစ်သင်တန်းပေးတာ နှစ်ကြိမ်ရှိပြီ။ ပြည်နယ်အစိုးရ လုံခြုံရေးအတွက် တပ်အကူက လွိုင်ကော်ကို မလာတော့ ဒေသခံတွေကို စစ်သားအဖြစ် စုဆောင်းတာ၊ ပြည်သူ့စစ်ထဲထည့်တာ။”

လွိုင်ကော်ဒကစမှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦးနဲ့ ပြည်နယ်အစိုးရ ဦးဆောင်ကာ ဖေဖော်ဝါရီလအတွင်းမှာ အခြေခံစစ်သင်တန်းကို ပထမအကြိမ်ပေးပြီး ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ပေးခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာ ​ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဧပြီ ၁ ရက်ကစတင်ပြီး စစ်အခြေခံ လေကျင့်ရေးတပ်တွေနဲ့ တန်းမြင့်သင်တန်းကျောင်းတွေမှာ ပထမအကြိမ် စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို စစ်ကောင်စီက ပို့ဆောင်ခဲ့ပါတယ်။

DVB က ဧပြီ ၂ ရက်အထိ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ စစ်မှုထမ်းအပတ်စဥ် ၁ မှာ ကချင်၊ ကရင်နီ၊ ရှမ်းမြောက်၊ ရှမ်းအရှေ့နဲ့ ရခိုင်၊ တနင်္သာရီ၊ ကရင်နဲ့ ချင်းပြည်နယ်တို့ မပါဝင်တာကို တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013