ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ပြည်တော်သာရပ်ကွက်ရှိ ပဲနွယ်ကုန်းမြို့မစျေးကြီး ဧပြီ ၂ ရက် ည ၆ နာရီခွဲက မီးလောင်ခဲ့ရာ ဆိုင်ခန်း၊ လူနေအိမ် ၄၃၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပဲနွယ်ကုန်းမြို့လယ်ခေါင်ရှိ မြို့မစျေးကြီးမှာ မနေ့ည ၆ နာရီခွဲက စတင်မီးလောင်ခဲ့ရာ ကျောက်တခါး၊ ဖြူး၊ ညောင်ပင်သာ၊ ကညွှတ်ကွင်းနဲ့ တောင်ငူက မီးသတ်တွေ စုပေါင်းပြီး ည ၁၀ နာရီထိတိုင်အောင် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
"အကုန်လုံးပါသွားတာ ဆိုင်ခန်းလေး နည်းနည်းပဲ ကျန်တယ်။ ဆိုင်နားက အိမ်တွေရော ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးပါ ပါသွားတာ။"
မြို့မစျေးမီးစတင်လောင်ကျွမ်းရာမှာ နီးစပ်ရာမြို့နယ်က မီးသတ်အဖွဲ့တွေက ကူညီငြှိမ်းသတ်ပေးပေမဲ့ မီးအားကြီးပြီး လူမနိုင်တာကြောင့် မီးလောင်ဆုံးရှုံးခဲ့ရတာလို့ စျေးရောင်းချသူတဦးက ပြောပါတယ်။
"ခေါင်းရွက်ဗျက်ထိုးစျေးသည်တွေက ပြဿနာမရှိပေမဲ့ ဆိုင်မှာ ပစွည်းတွေသိမ်းပြီး ပြန်တဲ့သူတွေက အကုန်ဆုံးရှုံးတာ ဘာတခုမှပြန်မရဘူး။"
ပဲနွယ်ကုန်းမြို့မစျေးတန်း အမှတ် ၂၉ စျေးတန်း ဆံပင်ညှပ်ဆိုင်မှ ညနေ ၆ နာရီခွဲက မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆိုင်ခန်း ၄၃၅ ခန်း ပါသွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"ဆိုင်ခန်း ၅၀၀ နီးပါးရှိတာ ၄၃၅ ခန်းပါသွားတယ်။ စျေးနားအိမ် ၉ လုံးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးလည်း ပါသွားတယ်။ မီးစပြီးလောင်တဲ့ ဆိုင်ကိုစစ်နေတယ်၊ ဆုံးရှုံးမှုတန်ဖိုးက အရမ်းများတော့ တွက်နေတုန်းပဲ။"
လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ရဲတွေက မီးစပြီးလောင်ခဲ့တဲ့ စျေးတန်းအမှတ် ၂၉ ဆိုင်ခန်းအမှတ် ၅ ပိုင်ရှင်ကို စစ်ဆေးနေတယ်လို့ စျေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။