ထိုင်ဝမ်ကျွန်းမှာ ဧပြီ ၃ ရက် မနက်ပိုင်းက အင်အား ၇ ဒသမ ၂ ရစ်ခ်ျတာစကေးရှိ အင်အားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့ပြီး မြို့တော်ရဲ့ နေရာအတော်များများမှာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ကာ လတ်တလောအချိန်အထိ လူတဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်ဝမ်မီးသတ်ဌာနက ပြောပါတယ်။
ငလျင်ဟာ မနက် ၇ နာရီ ၅၈ မိနစ်က ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းမှ ၁၅ ဒသမ ၅ ကီလိုမီတာ အနက်မှာ လှုပ်ခတ်ခဲ့ကြောင်း ထိုင်ဝမ် ဗဟိုမိုးလေဝသ စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ပါတယ်။
ထိုင်ဝမ်ကျွန်းမှာ ၂၅ နှစ်အတွင်း အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။
ငလျင်ဗဟိုချက်အနီး ဟွာလျန်ခရိုင် အရှေ့ပိုင်းမှာ အဆောက်အအုံတချို့ ပြိုကျခဲ့တာကို ထိုင်ဝမ် ရုပ်မြင်သံကြားဌာနတွေက ဗီဒီယိုဖိုင်တွေကို ပြသခဲ့ပြီး မီဒီယာတွေကလည်း တချို့လူတွေ ပိတ်မိနေကြောင်း ထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံနဲ့ ဖိလစ်ပိုင်တောင်ပိုင်းရှိ ကျွန်းတွေအတွက် ဆူနာမီ သတိပေးချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါစီရင်စုရဲ့ ကမ်းရိုးတန်းဒေသတွေအတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အကြံပြုချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
အမြင့် ၁၀ ပေအထိရှိတဲ့ ဆူနာမီလှိုင်းလုံးကြီးတွေဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကမ်းရိုးတန်းဒေသတွေကို ရောက်ရှိမယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ခန့်မှန်းထားပါတယ်။
Source/Photo-Reuters