(ပုံစာ - ၂၀၂၀ ပြည့်နှစ်က ရိုက်ကူးထားတဲ့ ဂေါ်ဒူကျေးရွာ အစွန်ဘက်က ရေတိုက်စားခံထားရတဲ့ နေရာ။)
( ၂၀၂၄ ခုနှစ်မှာ ရိုက်ထားတဲ့ အရှေ့ဖျားကျေးရွာက ဝယ်လာတဲ့ ရေကို ဂေါ်ဒူကျေးရွာက အိမ်အတွက် ရေဖြည့်နေပုံ။)
“ကျမတို့ဒေသက ရေတွေပေါပြီး သုံးမရတဲ့ ရေငန်တွေဖြစ်နေတာ”
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာမှာ မွေးကတည်းက နေထိုင်လာတဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်မဝင်းဌေးက သူ့ပတ်ပတ်လည်မှာ ဝိုင်းနေတဲ့ ရေတွေကိုကြည့်ပြီး ပြောပါတယ်။ သူငယ်ငယ်တုန်းက ရေချိုအတွက် ခပ်ခဲ့တဲ့ ရွာဘုန်းကြီးကျောင်းဝင်းထဲက လက်ယက်တွင်းတွေလည်း အခုတော့ ပင်လယ်အောက် ရောက်သွားခဲ့ပါပြီ။
“လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်က ရွာမကြီးကနေ သောင်စပ်ကိုသွားဖို့ အဝေးကြီးသွားရတယ်။ အခုတော့ ပင်လယ်ကမ်းစပ်နဲ့ ကပ်နေပြီ၊ ဘယ်နေရာမှလည်း ရေချိုမရတော့ဘူး”
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာလို့ ရွာရဲ့ အရွယ်အစားလည်း သေးလာပြီး ရေချိုလက်ယက်တွင်းတွေ ပင်လယ်အောက်ရောက်ကာ ရှိနေတဲ့ အဝီစိတွင်းရေတချို့လည်း ငန်လာတယ်လို့ ဒေါ်မဝင်းဌေးက ပြောပါတယ်။
ရေချိုအတွက် မိုးရာသီမှာ မိုးရေကို ခံသုံးကြပြီး မိုးအကုန် အောက်တိုဘာလ (သီတင်းကျွတ်လ) ကစပြီး မိုးမရွာမချင်း ဂေါ်ဒူကျေးရွာသားတွေဟာ စက်လှေနဲ့ နာရီဝက်သွားရတဲ့ ရွာအနောက်ဘက် သမိန်ပုလဲ ကျေးရွာကနေ ရေကို ဝယ်ယူသုံးစွဲနေကြရတာပါ။
“မိုးရှား(နည်း)တဲ့နှစ်တွေဆို ပိုပြီး ဒုက္ခရောက်ကြရတယ်” လို့ ရေထွက်ကုန် အရောင်းအဝယ် လုပ်နေတဲ့ ဂေါ်ဒူကျေးရွာသား ကိုမျိုးမင်းလှိုင်က ပြောပါတယ်။
အခုနောက်ပိုင်းနှစ်တွေမှာ ရာသီဥတု ပိုပူလာတဲ့အတွက် သမိန်ပုလဲကျေးရွာက ရေတွင်းတွေ၊ လက်ယက်တွင်းတွေလည်း ရေခန်းခြောက်တာ၊ ရေထွက်နည်းတာနဲ့ အငန်ဓာတ်ရှိလာတာ ဖြစ်လာပြီး သမိန်ပုလဲကျေးရွာကလည်း ရေချိုမရောင်းနိုင်တော့ပါဘူး။
ဒါကြောင့် ဂေါ်ဒူကျေးရွာသားတွေဟာ သမိန်ပုလဲကျေးရွာထက် စက်လှေနဲ့ မိနစ် ၃၀ နာရီဝက်လောက် ပိုသွားရတဲ့ အရှေ့ဖျားရွာကို ရေချိုသွားဝယ်ယူနေရပါတယ်။
သွားရတဲ့ခရီး ပိုရှည်သွားတဲ့အတွက် အရင် သမိန်ပုလဲကျေးရွာတုန်းက ၈၀ ဂါလံပုံးဆံ့တဲ့ ရေတအိုးကို ကျပ် ၁,၅၀၀ ပေးရပေမဲ့ အရှေ့ဖျားရွာကို သွားဝယ်တဲ့အခါ ကျပ် ၂,၀၀၀ ကျော်အထိ ပေးဝယ်ရပြီး မိသားစုတစုအတွက် တနေ့ကို ရေတအိုးလောက် ကုန်တယ်လို့ ပြောပါတယ်။
ဒေါ်မဝင်းဌေးမှာ သမီးတယောက်ရှိပြီး သူ့ယောက်ျားဟာ ပင်လယ်ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်ကာ ပုံမှန်ဝင်ငွေမရှိဘဲ ပျမ်းမျှ တလ သုံးသိန်းသာ ဝင်ငွေရှိတဲ့အတွက် ရေအတွက် ဝင်ငွေရဲ့ သုံးပုံတပုံဖြစ်တဲ့ တလတသိန်းဝန်းကျင်လောက် ကုန်ကျနေရပါတယ်။
ပင်လယ်အောက်ရောက်သွားတဲ့ ရေချိုလက်ယက်တွင်းများ
( ၂၀၂၀ ပြည့်နှစ်က ရိုက်ကူးထားတဲ့ မြစ်ဘက်အခြမ်းက ဂေါ်ဒူကျေးရွာရဲ့ သဲသောင်ပြင်မှာ ရွာသားများ ခြင်းခတ်နေပုံ။)
(၂၀၂၀ ပြည့်နှစ်မှာ ရိုက်ကူးထားပြီး ရေအောက်ရောက်သွားတဲ့ ဂေါ်ဒူကျေးရွာက နေရာတချို့။)
ဂေါ်ဒူ၊ သမိန်ပုလဲနဲ့ အရှေ့ဖျားကျေးရွာတွေတည်ရှိတဲ့ အမာမြို့ဟာ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ထဲမှာ ပါဝင်ပါတယ်။
ဖျာပုံမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၈ ဒသမ ၂ ပေ အမြင့်မှာရှိနေပြီး မြေပုံကနေ ကြည့်မယ်ဆိုရင် ပင်လယ်ပြင်ကို ထိုးထွက်နေတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ တောင်ဘက်အစွန်း မုတ္တမပင်လယ်ကွေ့အနီးမှာ ရှိပါတယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ ပင်လယ်ဘက်ကို မျောထွက်နေတဲ့ ဖျာပုံ၊ ဘိုကလေး စတဲ့ဒေသတွေဟာ ဒီရေအတက်အကျရှိတဲ့ ဒေသဖြစ်ပြီး တချို့ဒေသတွေရဲ့ မြစ်ရေတွေက ငန်တဲ့အတွက် သောက်သုံးလို့မရကြဘဲ ရေချိုအတွက် မြေအောက်တွင်းရေနဲ့ လက်ယက်တွင်းတချို့ကိုသာ အဓိက အားထားနေရတဲ့ ဒေသလည်း ဖြစ်ပါတယ်။
ဂေါ်ဒူကျေးရွာဟာ ကပ္ပလီပင်လယ်နဲ့ ဘိုကလေးမြစ်ဝဆုံတဲ့နေရာမှာ ရှိပါတယ်။ ရွာသက်တမ်းဟာ အနှစ် ၈၀ ကျော်ပြီး အိမ်ခြေ ၂၀၀၊ လူဦးရေ ၁,၀၀၀ လောက်ရှိကာ ရေလုပ်ငန်းကိုပဲ အဓိကလုပ်ကိုင်ကြပါတယ်။
အရင်က ဂေါ်ဒူကျေးရွာက ဘုန်းကြီးကျောင်းဝင်းမှာရှိတဲ့ လက်ယက်တွင်းနဲ့ ကိုအေးလေးကုန်းလို့ ခေါ်တဲ့နေရာက လက်ယက်တွင်းတွေကနေ ရေချိုထွက်ခဲ့တဲ့အတွက် အဝတ်လျှော်ဖို့နဲ့ ထမင်းချက်ဖို့အတွက် မပူခဲ့ရဘူးလို့ ရွာရဲ့အသက်နီးပါးရှိတဲ့ အသက် ၇၀ အရွယ် ဒေါ်မြင့်က ပြောပါတယ်။
“ဘုန်းကြီးကျောင်းကနေ တနိုင်တပိုင် ပုံးလေးတွေ အိုးလေးတွေနဲ့ သွားသယ်ကြရတာ။ လိုသလောက်တော့ မရဘူးပေါ့။ အဲ့နေရာတွေကို ရေလွှမ်းသွားတော့ သုံးမရတော့ဘူး။ ၂၅ နှစ်လောက်တော့ ရှိပြီ။ အခုဆို အဲ့နေရာတွေက ရေပြင်ပဲဖြစ်သွားတော့ လက်ညှိုးထိုးပြမှပဲ ရတော့မယ်။”
အဲဒီနောက်ပိုင်း ရေချိုရဖို့ တခြားရွာတွေကိုသာ အားကိုးနေရပြီး ရာသီဥတု ပိုပူလာတဲ့အတွက် နွေရာသီမှာ ရေပိုရှားလာပြီး ဒေါ်မြင့်တို့ရဲ့ နေ့စဥ်ဘဝမှာ ရေရဖို့က အခက်ခဲဆုံးအရာ ဖြစ်လာတယ်လို့ ဆိုတယ်။
“ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူးဆိုတော့ အခက်အခဲတွေကတော့ မျိုးစုံပဲ။ ကိုယ့်ဘာသာ သွားခပ်ဖို့လည်း မလွယ်တော့ ရောင်းတဲ့ဆီကပဲ ဝယ်ကြရတယ်။”
ဂေါ်ဒူကျေးရွာအနီးအနားမှာ ထောင်ကြီးတန်း၊ ဂယက်ကြီး စတဲ့ရွာတွေရှိပြီး ဂေါ်ဒူကျေးရွာက ရေချိုလက်ယက်တွင်းတွေ ပင်လယ်အောက်ရောက်သွားတဲ့အတွက် ရေအခက်ခဲဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဆားပိုငန်လာတဲ့ ရေချိုများ
(၂၀၂၄ခုနှစ်မှာ ရိုက်ထားတဲ့ ဂေါ်ဒူကျေးရွာမှာ ရေအရင်းအမြစ်ဌာနက ဆောက်လုပ်ပေးထားပြီး ရေငန်သာသာရေပဲ ထွက်တဲ့ အဝီစိတွင်း။ )
(၂၀၂၄ ခုနှစ်မှာ ရိုက်ထားတဲ့ အရှေ့ဖျားကျေးရွာကနေ ရေသွားခပ်ပြီး ပြန်လာတဲ့ ရေသယ်သင်္ဘော။)
ရေချိုအရင်းအမြစ်တွေဖြစ်တဲ့ လက်ယက်တွင်းတွေ ပင်လယ်အောက် ရောက်သွားသလို ရွာမှာ ထပ်တူးထားတဲ့ အဝီစိရေတွင်းတွေကလည်း ရေငန်သာသာ ရေပဲထွက်တဲ့အတွက် သန့်ရှင်းတဲ့ ရေချိုရဖို့ အခက်အခဲ ပိုဖြစ်လာတယ်လို့ ဂေါ်ဒူကျေးရွာ ဒေသခံတွေက ပြောပါတယ်။
ဂေါ်ဒူကျေးရွာသားတွေ ရေသွားဝယ်နေတဲ့ သမိန်ပုလဲကျေးရွာက ရေတွေဟာ အခုနောက်ပိုင်း မိုးတွင်းလောက်သာ သောက်ရေအဖြစ် အဆင်ပြေပြီး နွေဦးပေါက်လာရင် အငန်ဓာတ်တွေ ပါလာတဲ့အတွက် သောက်မကောင်းတော့ဘူးလို့ ဒေါ်မဝင်းဌေးက ပြောပါတယ်။
“ရေတွေက အငန်ဓာတ်တွေ ပါလာတော့ အရှေ့ဖျားဆိုတဲ့ရွာကို ပြောင်းဝယ်နေရပြီ။ ကြိုချက်သောက်ကြရတယ်။ ဝယ်သုံးတဲ့ရေကို သောက်ရေနဲ့ ထမင်းချက်တာလောက်ပဲ သုံးတယ်။”
အဝတ်လျှော်၊ ပန်းကန်ဆေးနဲ့ ရေချိုးတာတွေကိုတော့ ရေငန်သာသာရှိတဲ့ အဝီစိတွင်းရေကနေ သုံးကြပြီး အဝတ်တွေ အဆွေးမြန်တယ်လို့ ဆိုပါတယ်။
ဒေါ်မဝင်းဌေးက “ဝယ်သောက်တဲ့ရေတွေကလည်း ဝမ်းလျှော ဝမ်းပျက်တာတွေ ဖြစ်တယ် ကလေးတွေမှာ။ ဓာတ်စား အမြဲဆောင်ထားရတယ်။ မကောင်းဘူးဆိုတာ သိပေမဲ့ မတတ်နိုင်ဘူး။ ဒီလိုပဲ သုံးကြရတာပဲ” လို့ ပြောပါတယ်။
ပင်လယ်ရေပြင် မြင့်တက်လာတာ၊ မြစ်ချောင်းတွေမှာ ရေစီးဆင်းမှု နည်းပါးလာတာ၊ မိုးရွာသွန်းမှု နည်းလာပြီး အငွေ့ပြန်နှုန်း များပြားလာတာနဲ့ မြို့ပြဖွံ့ဖြိုးမှုတွေကြောင့် မြေအောက်ရေထုတ်ယူသုံးစွဲမှု များလာတာတွေဟာ မြေအောက်ရေထဲကို ရေငန်တိုးဝင်ပြီး ရေတွေငန်လာရတဲ့ အကြောင်းတွေ ဖြစ်တယ်လို့ ရေအရင်းအမြစ်အကြောင်း လေ့လာရေးသားနေသူ ဦးကျော်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသတွေက မြေအောက် ရေချိုအောင်းလွှာတွေ အတွင်း ပင်လယ်ဆားငန်ရေ ဝင်ရောက်လာတာဟာ လာမယ့်နှစ်တွေမှာ ပိုမိုဆိုးရွားလာမယ်လို့ ရေအရင်းအမြစ် အင်ဂျင်နီယာတွေက ခန့်မှန်းကြပါတယ်။
ပင်လယ်ရေမျက်နှာပြင်လည်း မြင့်တက်လာနေ
(၂၀၂၀ ပြည့်နှစ်မှာ ရိုက်ကူးထားပြီး ရေတိုက်စားသွားတဲ့ ဂေါ်ဒူကျေးရွာ။)
()ကမ္ဘာ့အပူချိန် မြင့်တက်လာတဲ့အတွက် ရေခဲတွေ အရည်ပျော်ကျတာနဲ့အတူတူ ကာဗွန်အောက်ဆိုဒ်တွေကိုလည်း အများကြီး စုပ်ယူပေးထားတဲ့ ပင်လယ်ရေမျက်နှာပြင်ဟာ တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။
ကမ္ဘာ့မိုးလေဝသဆိုင်ရာအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ ၁၉၉၃ ခုနှစ်နောက်ပိုင်း ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့နှုန်းဟာ နှစ်ဆတက်လာခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ WWF Myanmar ရဲ့ “မူဝါဒရေးဆွဲသူတွေနဲ့ စီမံကိန်းရေးဆွဲသူတွေအတွက် မြန်မာနိုင်ငံရဲ့ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအား ဆန်းစစ်ခြင်း အနှစ်ချုပ်” မှာတော့ မြန်မာနိုင်ငံဟာ ၂၀၂၀ ကနေ ၂၀၂၉ အထိ ပင်လယ်ရေမျက်နှာပြင် ၅ ကနေ ၁၃ စင်တီမီတာအကြား (၂ လက်မနီးပါးကနေ ၅ လက်မကျော်အထိ)၊ ၂၀၅၀ ကနေ ၂၀၅၉ အထိကို ၂၀ ကနေ ၄၁ စင်တီမီတာအကြား (၈ လက်မဝန်းကျင်ကနေ ၁ ပေခွဲနီးပါး) မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
အဲသည်ခန့်မှန်းချက်အရ အရင်က အမြဲရေဖုံးလွှမ်းတာ မရှိခဲ့တဲ့ မြန်မာ့ကမ်းရိုးတမ်း ဧရိယာတွေဟာ အမြဲတမ်း ရေဖုံးလွှမ်းလာနိုင်ပြီး ကမ်းရိုးတမ်းတလျှောက် ရေလျှံမှုပမာဏနဲ့ အကြိမ်ရေလည်း တိုးပွားလာနိုင်တယ်လို့ ဖော်ပြထားတယ်။
ဒါ့အပြင် ပင်လယ်ရေမျက်နှာပြင်ဟာ ၀ ဒသမ ၅ မီတာ (၁၉ ဒသမ ၆၈ လက်မ) မြင့်တက်လာရင် ဧရာဝတီမြစ်၀ကျွန်းပေါ်ဒေသကဲ့သို့ မြန်မာ့ကုန်းနိမ့်ပိုင်းဧရိယာတွေက ကမ်းရိုးတန်းတွေဟာ အတွင်းကို ၁၀ ကီလိုမီတာ (၆ ဒသမ ၂ မိုင်) ခန့် ဆုတ်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒေါ်မဝင်းဌေးက “ပင်လယ်ရေမျက်နှာပြင် မြင့်လာတာကတော့ အခုနောက်ပိုင်းမှာ သိသာလာတယ်။ ရွာရဲ့ တဝက်လောက်က ရေလွှမ်းသွားပြီ။ ကျမတို့ အရင်ကနေခဲ့တဲ့ ရွာအနောက်ပိုင်းလို့ခေါ်တဲ့ နေရာက အခု ရွာနဲ့ အဝေးကြီးမှာ ကျန်ခဲ့ပြီ။ အခုတော့ ရေပြင်ကြီးဖြစ်သွားပြီ။ ဘုန်ကြီးကျောင်းတွေရော စာသင်ကျောင်းတွေရော အကုန်ပြောင်းရတာ၊ အရင်က အရမ်းစည်ခဲ့တဲ့နေရာတွေ။ အခုနေတဲ့နေရာတွေက တောတွေကိုရှင်းပြီး နေကြရတာ” လို့ ပြောတယ်။
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့အတွက် ဒေသခံတွေဟာ အမြဲရွှေ့ပြောင်းနေရပြီး တချို့က အိုးမဲ့အိမ်မဲ့ဖြစ်ကုန်ကာ မိုးတွင်းမှာ တရွာလုံး ရေမြုပ်တယ်လို့ သူက ဆက်ပြောပါတယ်။
သူတို့ကျေးရွာမှာလည်း ဆယ်အိမ်လောက် မူလနေရာကနေ ပြောင်းရွှေ့ခဲ့ကြပြီး အပြီးမပြောင်းရွှေ့နိုင်တဲ့ သူတွေကတော့ တနှစ်ကို သုံးခါလောက် ရေတက်တဲ့အချိန်မှာ တခြားနေရာကို ပြောင်းနေကြတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်အောက်ပိုင်းက မြောင်းမြ၊ ငပုတော၊ မော်ကျွန်း၊ ဖျာပုံ၊ ကျိုက်လတ်နဲ့ ဒေးဒရဲမြို့နယ်တွေဟာ ရေငန်ဝင်ရောက်လာမှုကို ပိုမိုခံစားလာကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧက ၁၀၀ ကျော် ကျယ်ဝန်းတဲ့ ဂေါ်ဒူကျေးရွာရဲ့ သုံးပုံတပုံဟာ ရေဖုံးလွှမ်းနေပြီး လာမယ့်နှစ်တွေမှာ ပင်လယ်ရေပြင်အောက်ကို ပိုပြီးရောက်နိုင်မယ့် အခြေအနေတွေ ရှိနေပါတယ်။
ဂေါ်ဒူကျေးရွာဟာ ၂၀၀၈ ခုနှစ်က တိုက်ခတ်တဲ့ လူပေါင်း ၁၄၀,၀၀၀ နီးပါး သေခဲ့တဲ့ အင်အားပြင်း နာဂစ်မုန်တိုင်းရဲ့ဒဏ်လည်း ခံခဲ့ရပြီး လူအသေအပျောက် မရှိခဲ့ပေမဲ့ အိမ်အားလုံးနီးပါး ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပိုက်ဆံရှိလည်း ဝယ်လို့မရတဲ့ရေ
(၂၀၂၄ ခုနှစ်မှာ ရိုက်ထားတဲ့ အရှေ့ဖျားကျေးရွာက ဝယ်လာတဲ့ ရေကို ဂေါ်ဒူကျေးရွာက အိမ်တွေကို ရေလိုက်ဖြည့်နေတဲ့ အခြေအနေ။ )
(၂၀၂၄ ခုနှစ်မှာ ရိုက်ထားတဲ့ အရှေ့ဖျားကျေးရွာက ဝယ်လာတဲ့ ရေကို ဂေါ်ဒူကျေးရွာက အိမ်တွေကို ရေလိုက်ဖြည့်နေတဲ့ အခြေအနေ။ )
ဂေါ်ဒူကျေးရွာမှာတူးတဲ့ အဝီစိတွင်း လေးတွင်းဟာ သုံးရေအတွက်သာ ရရှိပြီး အခုလို နွေရာသီ မတ်လနဲ့ ဧပြီ (တပေါင်း၊ တန်ခူး) ကာလတွေမှာ ရေရှားလာတဲ့အတွက် ပိုက်ဆံရှိလည်း ရေဝယ်လို့မရဘူးလို့ ဒေါ်မဝင်းဌေးက ပြောပါတယ်။
(၂၀၂၄ ခုနှစ်မှာ ရိုက်ထားတဲ့ အရှေ့ဖျားကျေးရွာက ဝယ်လာတဲ့ ရေကို ဂေါ်ဒူကျေးရွာက အိမ်တွေကို ရေလိုက်ဖြည့်နေတဲ့ အခြေအနေ။ )
“နွေရာသီဆိုရင် ဝယ်တဲ့နေရာတွေကလည်း လုံလုံလောက်လောက် ဝယ်မရဘူး။ ပိုက်ဆံရှိတဲ့သူကလည်း များများဝယ်သုံးလို့မရဘူး။ ချွေတာပြီး သုံးကြရတယ်။ သောက်ရေတော့ လုံလောက်အောင် သောက်ဖို့ ထားရတယ်။”
အဝီစိတွင်းတူးတိုင်း ရေထွက်ဖို့နဲ့ ရေကောင်းရဖို့ မသေချာတဲ့အတွက် လက်ရှိ ရေငန်သာသာ ဖြစ်နေတဲ့ အဝီစိတွင်း လေးတွင်းလောက်ကိုသာ သုံးရေအတွက် အားထားနေရတယ်လို့ ကိုမျိုးမင်းလှိုင်က ပြောပါတယ်။
“ပေ ၇၀၀ ကျော်လောက်အထိ တူးတာတောင် ရေကထွက်မလာတော့ ထပ်မတူးရဲတော့ဘူး။ စရိတ်လည်း မတတ်နိုင်တော့လို့။ ဆက်တူးရင်လည်း ရေကောင်းရမယ်လို့ ဘယ်သူမှ အာမ မခံနိုင်ဘူး။ လေးတွင်းစလုံးကို နေရာတွေစုံအောင် တူးထားတာ၊ ဘယ်နေရာတူးတူး မရဘူး။”
ရေရှားမှုက တဖြည်းဖြည်း ဆိုးရွားလာနေပြီး ဂေါ်ဒူကျေးရွာကနေ ရေသွားဝယ်နေရတဲ့ အရှေ့ဖျားရွာကလည်း နောက်ထပ်ရွာတွေမှာ သောက်ရေသွားဝယ်ကြရပြီး သူတို့ရွာကထွက်တဲ့ ရေတွေကို သုံးရေအနေနဲ့သာ သုံးကြပါတယ်။
“နွေဘက်တွေမှာ ရေထွက်နည်းတဲ့အတွက် ရေကို လိုသလောက် ဝယ်လို့မရဘူး။ သူတို့ (အရှေ့ဖျားရွာက) က သောက်ရေကို တခြားကဝယ်သောက်ပြီး အဝီစိရေကို သုံးရေပဲလုပ်တာ။ သူတို့သုံးရေကို ကျနော်တို့က ဝယ်သောက်ကြရတယ်။”
အခုနောက်ပိုင်းမှာ ဒီဇယ်စျေးတွေ ကြီးတဲ့အတွက် စစ်လှေနဲ့သွားသယ်ရတဲ့ ရေစျေးတွေလည်း တက်လာပြီး အရှေ့ဖျားရွာမှာမရရင် ပိုဝေးတဲ့ ဦးပေရွာကို သွားဝယ်ရမှာမို့ ရေစျေးလည်း ပိုတက်လာမယ်လို့ ကိုမျိုးမင်းလှိုင်က ပြောပါတယ်။
၂၀၂၀ မတိုင်ခင်မှာ ၁,၂၀၀ ကျပ် ပေးခဲ့ရတဲ့ ရေတပုံးက ၂၀၂၃ ခုနှစ်မှာတော့ သုံးဆနီးပါး ဖြစ်လာပါတယ်။
ပင်လယ်နားကကျေးရွာ ဖြစ်တဲ့အတွက် အမျိုးသားတွေဟာ ပင်လယ်ဘက်ကို ထွက်ပြီး အလုပ်လုပ်ကြရတဲ့အတွက် ရွာမှာ ကလေးနဲ့ အမျိုးသမီးတွေပဲ ကျန်ခဲ့ပြီး ရေလိုအပ်ချက်ကို အမျိုးသမီးတွေကပဲ အဓိက ဖြေရှင်းကြရတယ်လို့ ဆိုပါတယ်။
“ရွာမှာက ရေရောင်းတဲ့ စက်လှေနှစ်စီးရှိတယ်။ မနက်မှာရင် နေ့လယ်လောက်ဆို ရတယ်။ နှစ်စီးလုံးထွက်ရင်တောင် ရွာအတွက်ရေက မလောက်ငဘူး။ ရေခပ်ရောင်းတဲ့လူလည်း နည်းသွားတယ်။ ပိုက်ဆံရှိရင်တောင် ဝယ်သုံးလို့မရဘူး။ ကျမတို့က ငွေရေးကြေးရေး ကိစ္စအပြင် ရေအတွက်လည်း အမြဲတမ်း ခေါင်းခဲနေရတယ်။ ရေအတွက် စိတ်ပူရတယ်၊ သားသမီးအတွက်နဲ့ အိမ်အတွက်ရောဆိုတော့ စိတ်ဖိစီးရတာတွေ အများကြီးပါပဲ။”
ရေမလောက်ငရင် တခြားအိမ်တွေကနေ ရေ ချေးငှားသုံးရပြီး ရေဖိုး တလ တသိန်း ကုန်ကျနေတာတောင် လောက်လောက်ငင မသုံးရဘူးလို့ ဆိုပါတယ်။
တချို့ ငွေအများကြီး မတတ်နိုင်ကြတဲ့သူတွေဟာ လိုတဲ့အချိန်မှ တပုံးနှစ်ရာနဲ့ တပုံးစာပဲ ဝယ်နေကြရတယ်လို့ ပြောပါတယ်။
အဝတ်လျှော်၊ ပန်းကန်ဆေးနဲ့ ထမင်းချက်အတွက် ရေကို ချွေချွေတာတာ သုံးနေရပြီး ရေချိုးတဲ့အခါ ရေငန်နဲ့သာ အများဆုံး ချိုးကြလေ့ရှိကာ ပိုက်ဆံတတ်နိုင်သူတွေကသာ ရေချိုအနည်းငယ်လောင်းပြီး ချိုးကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရေလှောင်ကန်ကြီးကို ပြင်စေချင်
(၂၀၂၄ ခုနှစ်မှာ ရိုက်ထားတဲ့ ဂေါ်ဒူကျေးရွာက ဘုန်းကြီးကျောင်းဝင်းအတွင်း ၂၀၀၈ နာဂစ်အပြီးမှာ လာလှူဒါန်းထားပြီး ပြန်လည် ပြင်ဆင်ဖို့ လိုအပ်နေတဲ့ အုတ်ရေကန်။)
(၂၀၂၄ ခုနှစ်မှာ ရိုက်ထားတဲ့ အရှေ့ဖျားကျေးရွာက ဝယ်လာတဲ့ ရေကို ဂေါ်ဒူကျေးရွာက အိမ်တွေကို ရေလိုက်ဖြည့်နေတဲ့ အခြေအနေ။ )
(၂၀၂၄ ခုနှစ်မှာ ရိုက်ထားတဲ့ ဂေါ်ဒူကျေးရွာက ရေအိုးမရှိတဲ့အိမ်က ထမင်းဟင်း ချက်ခါနီးမှ အဝီစိတွင်ကရေကို အိမ်ရှင်မကိုယ်တိုင် သွားထမ်းနေရပုံ။)
သူ့သက်တမ်းတလျှောက်မှာ ရွာအတွက် ရေလာလှူပေးတာ တခါမှ မမြင်ဖူးဘူးလို့ အသက် ၃၈ နှစ်ရှိတဲ့ ကိုမျိုးမင်းလှိုင်က ပြောပါတယ်။
“နာဂစ်ပြီးနောက် ကျောက်ရေကန်ကြီး တခါလာလှူဖူးတယ်။ အဲ့တုန်းကတော့ မိုးရေကို သိုလှောင်တော့ နည်းနည်းအဆင်ပြေသေးတယ်။ အခုတော့ အဲ့ကန်ကြီးက မလုံဘဲ ရေတွေ စိမ့်ထွက်လာတော့ သုံးမရတော့ဘူး။ ပြန်ပြင်ဖို့ဆို ပညာရှင်တွေ ငွေကြေးတွေ လိုတယ်။ ကိုယ့်ဘာသာလုပ်ဖို့ မလွယ်ဘူး၊ ပြင်ဖို့စိတ်ကူးပဲ ရှိကြတယ်၊ စီးပွားရေးအဆင်မပြေတော့ မလုပ်နိုင်ကြတာ။”
သူတို့ ဉာဏ်မီသလောက် ရေရဖို့ လက်ယက်တွင်းတွေ အဝီစိတွင်းတွေ တူးပေမဲ့ ရေမထွက်တာနဲ့ ထွက်တဲ့ရေက ငန်နေတဲ့အတွက် အဲသည်ထက် ပိုမစဥ်းစားတတ်တော့ဘူးလို့ သူကပြောပါတယ်။
ဧရာဝတီတိုင်းဟာ လက်ရှိ မြန်မာနိုင်ငံ အနေအထားနဲ့ဆိုရင် တိုက်ပွဲတွေဖြစ်ပွားမှု အလွန်နည်းပြီး အနည်းငယ် အေးချမ်းတဲ့ဒေသ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းမှာ စစ်ကောင်စီဘက်က ချုပ်ကိုင်ထားနိုင်တဲ့ ဒေသလည်း ဖြစ်ပါတယ်။
ရွာကလူတွေက တခြားကို ပြောင်းဖို့ ဆန္ဒမရှိကြတော့ တာဝန်ရှိတဲ့သူတွေအနေနဲ့ ရေရဖို့ လုပ်ပေးစေချင်တယ်လို့ ကိုမျိုးမင်းလှိုင်က ပြောပါတယ်။
“မိုးတွင်းအခါမှာတော့ တတ်နိုင်တဲ့သူတွေက ရေကို စုဆောင်းတာတော့ရှိတယ်။ ဒါကလည်း အိမ်ထောင်စု ငါးစုထက်မပိုဘူး။ ရေသိုလှောင်ကန်တွေ ဘာတွေ ရှိရင်တော့ အဆင်ပြေမယ်ထင်တယ်။ အဲဒါတွေလုပ်ဖို့က ငွေကြေးမတတ်နိုင်ကြဘူး။”
မြေအောက်ရေမျက်နှာပြင်ကို တိုင်းတာထားပြီး ရေပြင်နိမ့်ကျလာရင် ရေထုတ်ယူပမာဏကို လျှော့ဖို့၊ ရေထုတ်ယူမယ့်နေရာကို ရေငန်ဇုန်နဲ့ဝေးတဲ့ အထက်ပိုင်းနေရာဒေသတွေကို ပြောင်းရွှေ့ဖို့၊ ဖြစ်နိုင်တဲ့နေရာတွေမှာ ကမ်းရိုးတန်း ရေလှောင်ကန်တွေ ပြုလုပ်တာက ရေငန်ဝင်ရောက်မှုကို ထိန်းချုပ်နိုင်တယ်လို့ ရေအရင်းအမြစ်အကြောင်း လေ့လာရေးသားနေတဲ့ ဦးကျော်ဦးက ပြောပါတယ်။
ဒါတွေကို ပြုလုပ်ဖို့အတွက် တာဝန်ရှိသူတွေက သုံးစွဲသူ ဒေသခံတွေကို ရေငန်တိုးဝင်တာရဲ့ သဘောသဘာဝကို ကောင်းစွာ နားလည်သဘောပေါက်အောင် ပြုလုပ်ပေးဖို့နဲ့ တာဝန်ရှိသူတွေ ကိုယ်တိုင်က စိတ်ပါဝင်စားစွာနဲ့ သေချာကြပ်မတ် ပြုလုပ်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒေါ်မဝင်းဌေးကတော့ ရေရှားတဲ့ဒဏ်ကို ခက်ခက်ခဲခဲ အန်တုနေရင်းကနေ သူ့တသက်မှာ တခါလောက်တော့ ရေကို ဖောဖောသီသီ သုံးဖူးချင်တဲ့ဆန္ဒ ရှိနေပါတယ်။
“တနေ့တာမှာ ရေက အရေးကြီးဆုံးပဲဆိုတော့ တသက်လုံးမှာ ရေကို ဖောဖောသီသီ မသုံးခဲ့ရတော့ တခါတလေတော့ ဖောဖောသီသီ သုံးချင်ပါတယ်။ တခြားနေရာတွေရောက်မှ အတိုးချပြီး သုံးနေရတယ်။”
အောင်မျိုးထွဋ်