စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး ငွေတောင်းခံတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့တွေကို စုံစမ်းဖော်ထုတ် အရေးယူသွားမယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဧပြီ ၂ ရက်ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောပါတယ်။
နေပြည်တော် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ဗဟို) မှာ မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောဆိုခဲ့တာပါ။
စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ဗဟို) မှာပါတဲ့ အဖွဲ့ဝင်တွေကို ပြောဆိုခဲ့တာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်း အသီးသီး ဆင့်ခေါ်ရေးအဖွဲ့တွေကို ထပ်ဆင့်သတိပေးဖို့ ပြောဆိုခဲ့ပါတယ်။
စစ်မှုထမ်းဆင့်ခေါ်တာနဲ့ ပတ်သက်ပြီး စစ်တပ်က ဥပဒေအရသာ လုပ်ခိုင်းပြီး နည်းဥပဒေကို ပြန်လည်မျှဝေခြင်း မရှိတဲ့အတွက် အောက်ခြေအဖွဲ့အစည်းများမှာ ဉာဏ်မီသလောက် လုပ်ကိုင်ရတာလို့ မရမ်းကုန်းမြို့နယ်မှ အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။
“တပ်က ၁၈ ကနေ ၃၅ အတွင်းလို့ပဲပြောတာ။ ဘယ်လိုလူမခေါ်ရဘူး၊ ဘယ်လိုလူကို ခြွင်းချက်ပေးထားတယ် ဆိုတာကို မရှင်းပြဘူး။ နယ်မြေခံတပ်တွေက အကုန်ခေါ်ပဲ။ ထွက်စာတင်တော့ ခွင့်မပြုဘူး။”
စစ်ကောင်စီအနေနဲ့ လက်ကမ်းစာစောင်၊ ဆက်သွယ်ရေး၊ တီဗီတွေမှာ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိစေဖို့ ပညာပေး ဆောင်ရွက်နေတယ် ဆိုပေမဲ့ ပြည်သူတွေမှာ စစ်မှုထမ်းကိစ္စနဲ့ ဘာတခုမှ မသိဘူးလို့ မြောက်ဥက္ကလာထွေအုပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“တပ်က လူထုသိအောင် အသိပညာပေးတယ် ပြောတယ်။ အောက်ခြေမှာ လိုက်မေးကြည့်၊ စစ်မှုထမ်းကိစ္စ သိလားလို့ ဘယ်သူမှ မသိဘူး။ မြဝတီနဲ့ MRTV ကြည့်တဲ့သူမှ မရှိတာ။ လက်ကမ်းစာစောင်ကမ်းတယ်ဆိုတာ လူမြင်ကွင်းလောက်ကမ်းပြီး ဓာတ်ပုံရိုက် ပြန်သွားတာ၊ အရေးယူမယ်ဆိုရင် ထွေအုပ်က ဗိုလ်မှူးတွေ အရေးယူရမှာ။”
ပထမကြိမ် စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁ ကို ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဧပြီ ၁ ရက်က စတင် ဖွင့်လှစ်ထားပြီး သေဆုံးသူတွေရှိနေလို့ လုံခြုံရေး တင်းကျပ်ထားရပါတယ်။