ထိုင်းနိုင်ငံထဲကို MOU စနစ်နဲ့ ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၆၀ နီးပါးဟာ ထိုင်း ရောက်တော့ စာချုပ်ထဲပါတဲ့အတိုင်း အလုပ်မရတဲ့အပြင် လမ်းဘေးမှာ စွန့်ပစ်ခံခဲ့ရတယ်လို့ မြန်မာအလုပ်သမားအရေး ကူညီနေတဲ့အဖွဲ့က ပြောပါတယ်။
ကမ္ဘောဒီးယားနယ်စပ် ကျန်ထပူရီမြို့မှာ မြန်မာအလုပ်သမား ၅၈ ဦး လမ်းဘေးစွန့် ပစ်ခံရပြီး အခက်အခဲဖြစ်နေတယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၁ ရက် ည ရှစ်နာရီက အကြောင်းကြားလာတာကြောင့် ညတွင်းချင်းသွားရောက်ကူညီဖြေရှင်းပေးခဲ့တယ်လို့ WAG မြန်မာအလုပ်သမား ကူညီရေးအဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ဒီဗွီဘီကို ပြောပါတယ် ။
“သူတို့ရဲ့ ပြဿနာကတော့ အလုပ်သမားအေဂျင်စီအဖွဲ့နဲ့ စာချုပ်ခဲ့တဲ့အတိုင်း အလုပ်မလုပ်ရဘဲ ဒီရောက်တော့ တခြားနေရာအပို့ခံရတယ်။ ရောက်လာတာ တလတောင်ရှိပြီး အလုပ်ပုံမှန်မလုပ်ရဘူး။ ပြောတုန်းက ဆေးရွက်ခူးတဲ့အလုပ်၊ ဒီရောက်တော့ ဒူးရင်းသီးစက်ရုံမှာ။ ပြီးတော့အလုပ်က အမြဲမရှိဘူး။ စကားလည်း မပေါက်တော့ အလုပ်ရှင်နဲ့ ပြဿနာဖြစ်တယ်၊ အ လုပ်ရှင်က သူတို့ကိုမောင်းထုတ်တယ်၊ ပုလိပ်တိုင်ပြီးလာဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်တယ်၊ အဲ ဒါကြောင့် အကုန်လုံးထွက်လာကြပြီး လမ်းဘေးမှာ ယောင်ချာချာဖြစ်နေလို့ ကျနော်တို့ဆီ အကူအညီ လှမ်းတောင်းတာပါခင်ဗျ။”
အဆိုပါ အလုပ်သမားတွေဟာ ‘ထက်နေလင်း’ အလုပ်သမားရှာဖွေရေးအေဂျင်စီနဲ့ ရောက်လာတာကြောင့် အဆိုပါအေဂျင်စီထံ ဖုန်းဆက်ပြီး အလုပ်သမားပြဿနာတွေ တာဝန် ယူပေးဖို့ ညှိနှိုင်းပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
“ကျနော်တို့ဘက်က အဲဒီအေဂျင်စီနဲ့ရအောင်ဆက်သွယ်ပြီး ပြဿနာဖြေရှင်းပေးဖို့ ပြောတယ်၊ အေဂျင်စီရဲ့ ကိုယ်စားလှယ်လည်း ရောက်လာခဲ့ပါတယ်။ ပြီးတော့ အလုပ်သမားတွေအားလုံးကို အလုပ်အကိုင်သစ် ရှာဖွေပေးဖို့၊ အလုပ်မရခင်ကာလမှာ နေရေးထိုင်ရေး စားသောက်ရေးတွေ တာဝန်ယူပေးဖို့ တောင်းဆိုတယ်။ စက်ရုံကလည်း အဆောင်ခရှင်းပေးမယ်၊ စားရေးသောက်ရေးတာဝန်ယူမယ်၊ ၁၀ ရက်အတွင်း အလုပ်ရအောင် ရှာပေးမယ်လို့ ကတိပေး သွားတယ်။”
ထိုင်းရောက် အမ်အိုယူလုပ်သားတွေ အများဆုံး ကြုံရတဲ့ပြဿနာဟာ အေဂျင်စီတွေက အလုပ်သမားတွေကို လိုအပ်တဲ့ဦးရေထက်ပိုပြီး ခေါ်လာတာကြောင့် ဒီရောက်တော့ အလုပ်လက်မဲ့ဖြစ်ရတာတွေ၊ စာချုပ်ထဲပါတဲ့အလုပ်နဲ့ တကယ်လုပ်ရတဲ့အလုပ်မတူတာ၊ စာချုပ်ထဲပါတဲ့ ခရိုင်မြို့နယ်ထဲက လုပ်ငန်းခွင်မဟုတ်ဘဲ တခြားမြို့ရွာတွေရောက်ကုန်လို့ အခက်အခဲဖြစ်ရတယ်၊ ဥပမာ စက်ရုံမှာ လူ ၂၀ ကျော် ၃၀ ခန့်သာလိုပေမယ့် အလုပ်သမားဦးရေ ၂၀၀ ကျော် အဆမတန်သွင်းလာတယ်လို့ ကိုမုန်တိုင်းက ပြောသွားပါတယ်။