Home
မြန်မာသတင်း
မြန်မာမီးသတ်ဌာနချုပ် Facebook စာမျက်နှာ Hack ခံရပြီး သတင်းတုများ တင်ထား
DVB
·
April 3, 2024
dep 342024

မြန်မာနိုင်ငံမီးသတ်ဌာနချုပ်ရဲ့ တရားဝင် Blue Mark ရထားတဲ့ Facebook လူမှုကွန်ရက် စာမျက်နှာဟာ ဧပြီ ၁ ရက် ညပိုင်းကတည်းက Hack ခံထားရပြီး တောတွင်းတိရစ္ဆာန် ဗီဒီယိုဖိုင်တွေနဲ့ ရေကြီးမှုသတင်းအတုတွေ ဖြန့်ချိခံထားရတယ်လို့ လူမှုကွန်ရက် သုံးစွဲသူတွေက ပြောပါတယ်။

စာမျက်နှာ Hack ခံထားရတာနဲ့ ပတ်သက်လို့ မြန်မာမီးသတ်ဌာနချုပ်က အတည်ပြု ပြောဆိုထားပြီး ‌လတ်တ‌လော မီးဘေးနဲ့ ကယ်ဆယ်ရေးတင်ပြချက်တွေကို Facebook စာမျက်နှာအစား Viber နဲ့ Telegram မှာ MFSD လို့ ရှာကြည့်ဖို့ တိုက်တွန်းထားပါတယ်။

မြန်မာမီးသတ်ဌာနချုပ် နည်းပညာအဖွဲ့ဝင်တဦးက “page က error ဖြစ်နေတာပါ။ Viber နဲ့ Telegram မှာတော့ သတင်းတွေမီအောင်လို့ တင်ပေးနေပါတယ်။ 191 report နဲ့ Website မှာလည်း ရှိပါတယ်။ Facebook ကတော့ ပြန်ရအောင် လုပ်နေပါတယ်” လို့ ပြောပါတယ်။

Hack ခံထားရတဲ့ စာမျက်နှာဟာ Like ၁ ဒသမ ၅ သန်းနဲ့ Follower ၁ ဒသမ ၇ သန်းအထိ ရှိထားပြီး မှတ်တမ်းတွေအရ ၂၀၁၂ ဩဂုတ်လကတည်းက မီးသတင်းထုတ်ပြန်မှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

Facebook လူမှုကွန်ရက်သုံးစွဲသူတဦးက “မီးသတ်ကားသံကြားတာနဲ့ ဒီ Page ပဲ ဝင်ကြည့်ဖြစ်တာ။ ဘယ်နား မီးလောင်တာတို့ ရေဘေးတို့ဆို အမြဲတက်တယ်။ ၁ ရက်နေ့က နေပြည်တော်က တောမီးလောင်တဲ့အကြောင်း တင်ပြီးကတည်းက ထပ်မတက်တော့တာ။ ၂ ရက်နေ့ကျတော့ အကောင်အကြောင်းတွေ တင်လာတာ။ ဂျပန်က အရင်က ရေကြီးတဲ့ အကြောင်းကို ပြန်တင်ထားတာ တွေ့တယ်။ Page နာမည်၊ Profile တို့ Cover တို့တော့ မပြောင်းထားဘူး။ မီးသတင်းကြည့်တာကို Viber တို့ Telegram တို့မှာ ရှိတာတော့ မသိဘူး” လို့ ပြောပါတယ်။

မြန်မာမီးသတ်ဌာနချုပ် စာမျက်နှာဟာ မြို့နယ်အသီးသီးက မီးသတ်နဲ့ အရပ်ဘက်အသင်းတွေ ကူညီကယ်ဆယ်နေတဲ့ မီးဘေးလုံခြုံရေးနဲ့ ဆောင်ရန်ရှောင်ရန်၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး လုပ်ဆောင်ချက်တွေကို အချိန်နဲ့အမျှ ဖော်‌ပြပေးနေတာဖြစ်ပြီး Hack ခံထားရတဲ့ တရားဝင်စာမျက်နှာကို ဧပြီ ၃ ရက် မနက်ပိုင်းအထိ ပြန်လည်ရယူနိုင်ခြင်း မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024