ဆီနီဂေါသမ္မတသစ်အဖြစ် အသက် ၄၄ နှစ်သာရှိသေးတဲ့ ဘာဆီရူး ဒီယိုမေးယ် ဖေးယ်ဟာ ဧပြီ ၂ ရက်က ကျမ်းကျိန်ခဲ့ပါတယ်။
ဆီနီဂေါကို ၁၂ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ မက်ကီဆောလ် နေရာကို ဆက်ခံရတာဖြစ်ပါတယ်။
နိုင်ငံရဲ့ ငါးယောက်မြောက်နဲ့ အသက်အငယ်ဆုံးသမ္မတမှာ ဇနီးသည်နှစ်ဦးရှိတဲ့အတွက် First Ladies နှစ်ဦး ဖြစ်လာပါတယ်။
ဖေးယ်ဟာ ထောင်ထဲကထွက်လာအပြီး ၁၀ ရက်အကြာမှာ ရွေးကောက်ပွဲနိုင်ခဲ့တာပါ။
အဓိက အတိုက်အခံခေါင်းဆောင် အိုစမာနီဆွန်ကိုဟာ ရွေးကောက်ပွဲပြိုင်ခွင့် ပိတ်ခံထားရတဲ့အတွက် ဖေးယ်က ကိုယ်စားဝင်ပြိုင်ပေးခဲ့တာဖြစ်ပါတယ်။
ကျမ်းကျိန်ပွဲကို နိုင်ဂျီးရီးယားနဲ့ ဂါနာက သမ္မတတွေ၊ အာဖရိကသမဂ္ဂ ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ဒေသတွင်းက နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။
ဘာကီနာဖာဆို၊ မာလီနဲ့ နိုင်ဂျာ အာဏာသိမ်းသုံးနိုင်ငံကတော့ ကိုယ်စားလှယ်ပဲ စေလွှတ်ပါတယ်။
စီးပွားရေးကျဆင်းမှု၊ အတိုက်အခံတွေကို နှိပ်ကွပ်မှုတို့ကြောင့် လူကြိုက်များမှု ကျဆင်းလာတဲ့ ဖေးယ် ရှေ့က သမ္မတ မက်ကီဆောလ်ဟာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ ကြိုးစားခဲ့လို့ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ သတ်မှတ်ကာလထက် အနည်းငယ်သာ နောက်ကျပြီး ရွေးကောက်ပွဲ ကျင်းပပေးနိုင်ခဲ့သလို အခုလို အတိုက်အခံအင်အားစုက ရွေးကောက်ပွဲနိုင်တဲ့သူကို အာဏာ အသာတကြည် လွှဲပေးခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters