Home
မြန်မာသတင်း
မိုးဗြဲမြို့ ရဲစခန်းအနီး စစ်တပ်က လေကြောင်းမှ ဗုံးကြဲ
DVB
·
April 2, 2024
Moe 242024

ရှမ်းပြည်နယ်နဲ့ ကရင်နီ(ကယား)ပြည်နယ်အစပ်ရှိ မိုးဗြဲမြို့ရဲ့ ရဲစခန်းအနီးနားဝန်းကျင်ကို ဧပြီ ၁ ရက် နေ့လယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။

ထိတွေ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူထိခိုက်မှုမရှိပေမဲ့ ရဲစခန်း အနီးနားက နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက"တိုက်ပွဲက မိုးဗြဲမှာ မဖြစ်တာ တပတ်လောက်ရှိပြီ၊ ခုလည်း တိုက်ပွဲမဖြစ်ဘဲ ဒီတိုင်းဝင်ကြဲသွားတာ။ ခု ပျက်စီးနေတဲ့အိမ်ကို ပစ်မှတ်ထားတဲ့သဘောပေါ့။ မိုးဗြဲထဲမှာက လူတွေမရှိကြတော့ဘူး။ စစ်ကောင်စီကတော့ သူတို့တပ်ကုန်းမှာပဲနေတယ်။ မြို့ထဲမှာမရှိဘူး"လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မြေပြင်ကနေ စစ်ကြောင်းထိုး ထိုးစစ်ဆင်တာမအောင်မြင်တာကြောင့် လေကြောင်းကို အဓိကထားအသုံးပြုနေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။

ဧပြီ ၂ ရက်မှာတော့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ကနဦးသိရပြီး ဖြစ်စဥ်အသေးစိတ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မိုးဗြဲမြို့က ပြည်သူတွေက စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်၊ လက်နက်ကြီးရန်နဲ့ မြေမြှုပ်မိုင်းအန္တရယ်တွေကြောင့် နေရပ်ပြန်နေထိုင်သူ နည်းပါးပြီး နေအိမ်ပြန်ကြည့်ရုံလောက်သာ ပြုလုပ်နိုင်ပါတယ်။

ပြည်သူတွေရဲ့ လုံခြုံရေးအရ နေရပ်ပြန်နေထိုင်ခြင်းမပြုလုပ်ကြသေးဖို့ကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ မတ်လနောက်ဆုံးအပတ်ထဲမှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့နယ်မှာရှိတဲ့ လအိကျေးရွာက ဆေးရုံကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်း ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013