ဘာလ်တီမိုးရ်တံတား အပျက်အစီးတချို့ကို ဖယ်ရှားခဲ့အပြီးမှာ ပိတ်မိနေတဲ့ တွဲဆွဲသင်္ဘောနဲ့ တွဲရေယာဉ်တချို့ စတင်ထွက်ခွာနိုင်ပြီလို့ ဆိပ်ကမ်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ပုံမှန်သင်္ဘောကြီးတွေ ဖြတ်သန်းခုတ်မောင်းနိုင်ဖို့ကတော့ အခက်အခဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ဝန်အပြည့်တင်ထားတဲ့ ကွန်တိန်နာသင်္ဘောကြီး စွမ်းအင်ပြတ်တောက်ပြီး တံတားတိုင်ကို ဝင်တိုက်ခဲ့ပြီးနောက်ပိုင်း ဘာလ်တီမိုးရ် ကုန်တင်သင်္ဘောလမ်းကြောင်းတခုလုံး ပိတ်ဆို့နေတာ ဖြစ်ပါတယ်။
လမ်းလုပ်သားခြောက်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ တံတားပါ ပျက်စီးသွားတာဖြစ်တဲ့အတွက် ပတ်တက်ပ်စကို မြစ်ကူးတဲ့ ကားလမ်းကြောင်းတခုပါ ဆုံးရှုံးခဲ့ရတာပါ။
မေရီလန်းပြည်နယ်၊ ဘာလ်တီမိုးရ်ဆိပ်ကမ်းဟာ အမေရိကန်မှာယာဉ်တွေကို အစီးလိုက် တင်သွင်းတာ၊ လယ်ယာနဲ့ ဆောက်လုပ်ရေးကိရိယာတွေ တင်ပို့တာအတွက် အကြီးဆုံးဆိပ်ကမ်း ဖြစ်ပါတယ်။
ဒါကြောင့် ဆိပ်ကမ်းပြန်လည်ပတ်နိုင်ဖို့ အမေရိကန် ကမ်းခြေစောင့်တပ်နဲ့ မေရီလန်းပြည်နယ် အစိုးရက အစွမ်းကုန် ကြိုးစားနေကြပါတယ်။
ပထမဆုံးအနေနဲ့ သံမဏိတံတားအစိတ်အပိုင်းတွေ ပိနေတဲ့ ကုန်သတ္တာ ၄,၀၀၀ ပါ ဒါလီ အမည်ရှိ သင်္ဘောကြီးကို အရင်လွတ်အောင်လုပ်ဖို့ လိုပါတယ်။
ဒီသင်္ဘောပေါ်က သင်္ဘောသား ၂၁ ဦးဟာလည်း သင်္ဘောကို စွန့်ခွာခွင့်မရှိဘဲ ဆက်လက်ထိန်းသိမ်းဖို့ နေပေးရပါတယ်။
အိန္ဒိယနိုင်ငံသား ၂၀ ဦးနဲ့ သီရိလင်္ကာနိုင်ငံသားတဦး ပါဝင်တဲ့ သင်္ဘောအမှုထမ်းတွေအတွက် ပြီးခဲ့တဲ့စနေနေ့ကမှ ဝိုင်ဖိုင်အင်တာနက် ချိတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
Source/Photo-Reuters