မြောက်ကိုရီးယားဟာ သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းအနီး ပင်လယ်ပြင်ထဲကို သံသယဖြစ်ဖွယ် တာလတ်ပစ် ဒုံးကျည်တစင်း ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ဧပြီ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
အင်္ဂါနေ့ မနက် ၆ နာရီ ၅၃ မိနစ်မှာ မြောက်ကိုရီးယားမြို့တော် ပြုံယမ်း ဧရိယာကနေ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့အရာကို ပစ်လွှတ်ခဲ့တယ်လို့ စုံစမ်းတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ် အီဆောင်းဂျွန်းက ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ အရှေ့ပင်လယ်ထဲကို မကျရောက်မီ ကီလိုမီတာ ၆၀၀ လောက် ပျံသန်းခဲ့ပြီး တောင်ကိုရီးယားစစ်တပ်ကလည်း ပစ်လွှတ်လိုက်တဲ့ မြောက်ကိုရီးယားဒုံးကျည်ကို ချက်ချင်း ရှာဖွေတွေ့ရှိခဲ့ပြီးတော့ ခြေရာခံကာ စောင့်ကြည့်ခဲ့တယ်လို့လည်း ဆိုပါတယ်။
သက်ဆိုင်ရာအချက်အလက်တွေကို အမေရိကန်နဲ့ ဂျပန်တို့ကို အနီးကပ်မျှဝေထားပြီး အသေးစိတ် အချက်အလက်တွေကို လောလောဆယ်မှာ ကျယ်ကျယ်ပြန့်ပြန့် ခွဲခြမ်းစိတ်ဖြာနေပါတယ်လို့လည်း ပူးတွဲစစ်ဦးစီးချုပ် အီဆောင်းဂျွန်းက ဆိုပါတယ်။
ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကွာအဝေး ၆၅၀ ကီလိုမီတာ (မိုင် ၄၀၀) နဲ့ အမြင့်ဆုံးအမြင့် ၁၀၀ ကီလိုမီတာထိ ရောက်ရှိခဲ့ကြောင်း ခန့်မှန်းထားပါတယ်။
ဒီဒုံးကျည်ဟာ မကြာသေးခင်က ပြုံယမ်းမှာ အစီရင်ခံ ထုတ်ပြန်ခဲ့တဲ့ လောင်စာခဲအင်ဂျင် အသုံးပြု မောင်းနှင်တဲ့ အသံထက်မြန်တဲ့ တာလတ်ပစ် ဒုံးကျည်အသစ်နဲ့ ဆက်စပ်မှုရှိတယ်လို့ အကဲဖြတ်မိကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ် အီဆောင်းဂျွန်းက ပြောပါတယ်။
မတ်လတုန်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နိုင်ငံတော် ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့အတွက် တာလတ်ပစ် ဟိုက်ပါဆိုနစ် ဒုံးကျည်အမျိုးအစားသစ်အတွက် မြေပြင်စမ်းသပ်မှုကို ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
Source/Photo-Reuters