Home
သတင်းဓာတ်ပုံ
နမ့်ခမ်းတွင် လေပြင်းတိုက်ခတ် ဓာတ်မီးတိုင်များလဲကျ 
DVB
·
April 2, 2024
Nan 242024
Nan 3 242024
Nan 2 242024
Nan 1 242024

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ထဲမှာ ဧပြီ ၁ ရက် ညနေပိုင်းက မိုးသက်လေပြင်းကျပြီး နေအိမ်အမိုးတွေလန်ကာ လမ်းဘေးဓာတ်တိုင်တွေလဲကျကုန်တယ်လို့  ဒေသခံက ပြောပါတယ်။

မနေ့ညနေ ၅ နာရီခွဲလောက်မှာ မိုးရောလေရော မိုးသီးပါကြွေကျလာပြီး ကွန်လုံရွာထိပ် ဓာတ်အားခွဲရုံနားက ရွှေလီမဟာဓာတ်အားလိုင်း ဓာတ်တိုင် ၁၀ တိုင်လောက် လဲကျသွားတယ်လို့  ခရီးသွားဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့ အဲဒီဘက်ဖြတ်သွားတုန်းလမ်းမှာ လေပြင်းတိုက်တာ၊ ခဏလေးပဲ ၁၀ မိနစ် လောက်ပဲထင်တယ်၊ ဒါပေမဲ့ အရမ်းကြမ်းတယ်၊ ဓာတ်တိုင်တွေလဲတာ ၁၀ တိုင်လောက် ရှိမယ်ထင်တယ်။ မိုးသီးလဲကျတယ်၊ ဒါပေမဲ့ အလုံးသေးသေးလေးတွေပါ။ လေကြမ်းတာတော့ ကျနော်တသက်တခါမှမကြုံဖူးဘူး။”

ဓာတ်မီးတိုင်တွေ လဲပြိုတာကြောင့် မနေ့ညက နမ့်ခမ်းမှာ လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့သလို လေပြင်းကြောင့် နမ့်ခမ်းမြို့လယ်ကျောင်းအနီးက ပန်ပွဲလေဟာပြင်ဈေးလည်း ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကာ ဈေးဆိုင်အမိုးအကာတွေ၊ ထီးတွေ လွင့်ထွက်သွားပါတယ်။ ဒီနေ့မနက်တော့ မီးပြန်လာပြီလို့ ဆိုပါတယ်။

နောင်ကောင်ရွာ၊ နမ့်မရွာဘက်က တဲအိမ်တွေလည်း အမိုးပွင့်ထွက်ကုန်ပြီး နမ့်ခမ်းအရှေ့တောင်ဘက်က တောင်ပေါ်ရွာတွေလည်း လေပြင်းထိတယ်လို့ ကြားမိပေမဲ့ ပျက်စီးဆုံးရှုံးမှုတွေတော့ မသိရဘူးလို့ နောက်ဒေသခံတဦးက ပြောပါတယ်။

မနှစ် နှစ်ကုန်ပိုင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က  နမ့်ခမ်းရဲစခန်းနဲ့ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကို တိုက်ခိုက်အနိုင်ယူပြီးတဲ့နောက် မြို့နယ်တခုလုံးရဲ့ အထွေထွေအုပ်ချုပ်ရေးကိစ္စတွေကို TNLA က ဆောင်ရွက်နေတာပါ။

လျှပ်စစ်ဓာတ်အားဖြန့်ဝေတဲ့ လုပ်ငန်းကိုတော့ Junction River ကုမ္ပဏီက လျှပ်စစ်ဝန်ကြီးဌာနထံ ကနေ ငှားရမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013