ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးကားဝင်းအကျော်၊ ထန်းတပင် အလုပ်သမားဆေးရုံအနီး၊ ပုသိမ်လမ်းမမှာ ဧပြီ ၁ ရက် ညနေ ၅ နာရီခွဲလောက်က ခရီးသည်တင် ယာဥ်လိုင်းကားနဲ့ ဆီဘောက်ဆာကားတို့ တိုက်မိပြီး လူတဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
အဲဒီနေ့ ညနေပိုင်းက လှိုင်သာယာဘက်ကနေ ဧရာဝတီတိုင်း ပုသိမ်မြို့ဘက်ကို ထွက်ခွာလာတဲ့ သမာဓိယာဉ်လိုင်းကားဟာ ဘရိတ်ပေါက်ပြီး မျက်နှာချင်းဆိုင် မောင်းလာတဲ့ ဆီဘောက်ဆာကားကို ဝင်တိုက်မိခဲ့တာပါ။
မြို့ခံလူမှုကူညီရေးအသင်းဝင်တဦးက “ဆီဘောက်ဆာက နှစ်ဦး၊ ယာဉ်လိုင်းက နှစ်ဦး၊ ဘေးက ဖြတ်မောင်းသွားတဲ့ သုံးဘီးသမားတဦးပါ ဒဏ်ရာရတယ်။ သမာဓိကားက ဒဏ်ရာရရှိသူတဦးက ဆုံးသွားပါတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဆီဘောက်ဆာကားပေါ်ပါ အသက် ၄၀ အရွယ် အမျိုးသားနှစ်ဦးမှာ ထိခိုက်ပွန်းပဲ့ဒဏ်ရာ၊ သမာဓိကားပေါ်က အမျိုးသားတဦးမှာ သေဆုံး၊ တဦးမှာ ပြတ်ရှဒဏ်ရာနဲ့ လမ်းသွားလမ်းလာ သုံးဘီးမောင်းနှင်သူ အမျိုးသားတဦးမှာ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ယာဉ်တိုက်မှုနေရာကို တူညီသောတွဲလက်များ လူမှုကူညီရေးအသင်း၊ မျိုးဆက်သစ် လူမှုကူညီရေးအသင်း၊ အလင်းသစ် လူမှုကူညီရေးအသင်းနဲ့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းတို့က ရောက်ရှိကူညီခဲ့ကြပြီး သေဆုံးသူနဲ့ ထိခိုက်မိသူတွေကို လှိုင်သာယာ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
ဓာတ်ပုံ- မြို့ခံလူမှုကူညီရေးအသင်းများ