ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ ယန်းစစ်ကျေးရွာမှာ ဧပြီ ၁ ရက် မွန်းလွဲ ၂ နာရီလောက်က စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်အဖွဲ့က ဖဲဝိုင်းကို ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့လို့ ရွာသား နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသူဟာ ဖဲဝိုင်းမှာရှိနေတဲ့ မဲနယ်တောင်ကျေးရွာ ဥက္ကဋ္ဌဟောင်း ဦးကြီးဖေနဲ့ ပန်းစစ်ရွာသား ကိုကြယ်နီတို့ ဖြစ်ပါတယ်။
ဒေသခံတဦးက"ရုတ်တရက် စစ်တပ်နဲ့ PNO တွေ ရောက်တော့ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး သေနတ်တွေပစ်ကြတာ။ နှစ်ဦးထိပြီး ဖဲဝိုင်းမှာပဲ ပွဲချင်းသေသွားတယ်"လို့ ပြောပါတယ်။
ပင်းတယမြို့နယ်မှာ ဖဲဝိုင်း၊ လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုကို အာဏာပိုင်တွေက ငွေယူပြီး ခွင့်ပြုထားပေမဲ့ အခု ဘာရည်ရွယ်ချက်နဲ့ လာရောက်ပစ်ခတ် ဖမ်းဆီးတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
နောက်ဒေသခံတစ်ဦးက “ခုဆို ဘုရားပွဲရောက်ရင်လည်း လောင်းကစားဝိုင်း၊ ဂျင်ဝိုင်း၊ ပိတ်ဂျူးဝိုင်းတွေပါ ထည့်တာ အုပ်ချုပ်ရေးအဆင့်ဆင့်က ပိုက်ဆံယူပြီး ခွင့်ပြုထားတား။ ပွဲကလည်း တရွာပြီး တရွာဆိုတော့ လူငယ်တွေလည်း အရမ်းပျက်စီးတယ်” လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ၊ ရွာငံ ဒေသမှာ စစ်ကောင်စီနဲ့ ဒေသခံပျူစောထီးတွေပူးပေါင်းပြီး လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားကာ၊ လာဘ်စားတာတွေလည်း တွင်တွင်ကျယ်ကျယ် ပြုလုပ်လာတယ်လို့ ပြောပါတယ်။