Home
မြန်မာသတင်း
ကျိုက်ထိုတွင် စစ်မှုထမ်းစာရင်း ကောက်ခံနေသည့် အမျိုးသား ၁ ဦး ပစ်သတ်ခံရ
DVB
·
April 2, 2024
KyaikHto PTSListcolleterDied_02042024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကော့စနိုင်ရပ်ကွက်မှာ စစ်မှုထမ်းစရင်းကောက်ခံနေတဲ့ အမျိုးသား တဦးကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ် ကော့စနိုင်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ‌၇၀ နှစ်အရွယ် ဦးမြအေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဧပြီ တရက်နေ့ ညနေ လေးနာရီလောက်က သူရဲ့နေအိမ်မှာပဲ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဦးမြအေးဟာ စစ်ကောင်စီ အလိုကျ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပေးနေတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ KRF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“သူက ပြည်သူ့စစ်သင်တန်းတက်ထားတဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးကတည်းက နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့သူတွေကို ဖမ်းဆီးဖို့ သတင်းပေးတာတွေ ရှိတယ်။ အခုလို စစ်မှုထမ်းဥပဒေအတွက် တအိမ်တက် တအိမ်ဆင်း စာရင်းကောက်ခံ‌နေတဲ့အတွက် ရှင်းလင်းခဲ့တာပါ။ စစ်ကောင်စီဝန်ထမ်းတွေနဲ့ စစ်ကောင်စီအတွက် အလုပ်လုပ်ကိုင်ပေးနေတဲ့ သူတွေအနေနဲ့ နုတ်ထွက်ဖို့နဲ့ ဆက်မလုပ်ဖို့ သတိပေးချင်ပါတယ်။ တကယ် အကောင်အထည်ဖော်နေမယ်ဆိုရင် အခုထက် ပိုပြင်းထန်တာတွေ လုပ်ဆောင်သွားမှာပါ။"

ဦးမြအေးဟာ အုပ်ချုပ်ရေးမှူးနဲ့ပေါင်းပြီး ကော့စနိုင်ထဲက လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် စာရင်းကောက်‌ခံပေးနေတာ ဖြစ်ပြီး ပစ်သတ်ခံရပြီးနောက် မြို့တွင်းကို စစ်‌ကောင်စီက လုံခြုံရေး တင်းကျပ်ထားတယ်လို့ ကော့စနိုင်ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

“သူက ရာအိမ်မှူးလည်း မဟုတ်သလို ဆယ်အိမ်မှူးလည်း မဟုတ်ဘူး။ အုပ်ကြီးနောက် တကောက်ကောက် လိုက်ပြီး ရပ်ကွက်နေတဲ့ လူငယ်တွေကို စောင့်ကြည့်တာတွေ လုပ်တယ်။ စစ်မှုထမ်းဥပဒေထွက်ပြီး ရပ်ကွက်အတွင်း စာရင်းကောက်တာတို့၊ စစ်မှုထမ်း လူရွေးတာတို့ကို သူ ဦးဆောင်ပြီး လုပ်တာ။ သူ့ကို PDF သုံးဦးက အိမ်မှာပဲ လာပစ်သွားတာ။ ပစ်ခတ်မှုဖြစ်ပြီးတော့ စစ်တပ်က သုံးနေရာခွဲပြီး စစ်နေသလို အခုလည်း မြို့ထဲမှာ ကင်းလှည့်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီအလိုကျ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ပေးနေတဲ့သူတွေကို ပစ်ခတ်ရှ င်းလင်းသွားမယ်လို့ ကျိုက်ထိုမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထုတ်ပြန်ပြီးတဲ့ ၁၀ ရက်အတွင်း ပစ်ခတ်မှု ၄ ခုဖြစ်ခဲ့ပြီး အမျိုးသားသုံးဦးနဲ့ ဘုန်းကြီးတပါး သေဆုံးခဲ့သလို အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013