ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် (MNDAA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတချို့မှာ အိမ်ထောင်စုစာရင်းကောက်ယူပြီး ကိုးကန့်မှတ်ပုံတင်တွေ ပြုလုပ်ပေးမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မှတ်ပုံတင်နဲ့ပတ်သက်ပြီး လုပ်ပေးမယ်လို့တော့ ပြောတယ်။ စာရင်းတွေ ကောက်ပြီးပြီ၊ ဓာတ်ပုံလည်း ရိုက်ပြီးပြီ၊ မလုပ်ပေးသေးဘူး” လို့ မုံးကိုးမြို့နယ် နော့်ဂူရွာက ဒေသခံတဦးက ပြောပါတယ်။
မုံးကိုးမြို့ပေါ်မှာ နေထိုင်တဲ့ ဒေသခံတဦးကလည်း မုံးကိုးမြို့မှာ အိမ်ထောင်စုစာရင်းတွေ လိုက်ကောက်တာ ဟုတ်တယ်လို့ ပြောပါတယ်။
“ကိုးကန့်တွေ အစည်းဝေးတွေခေါ်လုပ်တယ်။ အိမ်ထောင်စု၊ မှတ်ပုံတင်တွေ လုပ်ပေးမယ်လို့ ပြောတယ်။ သူတို့လုပ်ပေးမယ့် မှတ်ပုံတင်က တရုတ်ပြည်ကို ဝင်လို့ရတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ အိမ်ထောင်စုစာရင်း လိုက်ကောက်တာက KIA မှာ စစ်သားလုပ်တဲ့သူဆိုရင် စာရင်းထဲက နုတ်လိုက်လို့ အံ့ဩနေတာ။ အိမ်ထောင်စုစာရင်းက ရှိသမျှလူတွေရဲ့ စာရင်းထည့်ရတာ မဟုတ်ဘူးလား” လို့ ပန်ဆိုင်း(ကြူကုတ်) မြို့နယ်၊ မုံးပေါ်ဒေသခံ အမျိုးသမီး တဦးက ပြောပါတယ်။
ရှိထားတဲ့ အိမ်ထောင်စုစာရင်းကို မိတ္တူပေးရတာဖြစ်ပြီး ကိုးကန့် (MNDAA) ဘက်ကတော့ တရုတ်လို ဘာသာပြန်ယူကာ မှတ်ပုံတင်လုပ်ပေးမယ်လို့တော့ ပြောပေမဲ့ လက်ရှိမှာတော့ မှတ်ပုံတင် မရသေးဘူးလို့ မုံးပေါ်ဒေသခံ အမျိုးသားတဦးကလည်း ပြောပါတယ်။
ပန်ဆိုင်း (ကြူကုတ်) မြို့နယ်၊ မုံးပေါ်ဒေေမှာတော့ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘ ၂၈ ရက်နေ့ကစ ကိုးကန့် (MNDAA) ရဲ့ အုပ်ချုပ်ရေးစတင်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူတွေကို မကြာခဏ တွေ့ဆုံ အစည်းဝေးတွေ ခေါ်လေ့ရှိတယ်လို့ ဆိုပါတယ်။
“အိမ်ထောင်စုစာရင်းတွေ ကောက်တယ်။ သူတို့ အဲဒါကောက်တာက စစ်သားစုဆောင်းတဲ့ နည်းဗျူဟာတခုပဲ။ ပြီးတော့ မှတ်ပုံတင် လုပ်ပေးမယ်ဆိုပြီး တရုတ်နိုင်ငံ ဝင်လို့ရအောင်လို့ ပြောပြီး သူတို့ အဲဒီလို လုပ်တာရှိတယ်။ မှတ်ပုံတင်တော့ လုပ်ပေးတာ မရှိဘူး။ လုပ်ပေးမယ် ဆိုပြီးပဲ ပြောပြီးတော့ အိမ်ထောင်စုစာရင်းတွေပဲ လိုက်ကောက်နေတယ်။ အဓိကက သူတို့ စစ်သားစုဆောင်းတဲ့ နည်းဗျူဟာ တခုပဲ၊ အဲဒီလိုကို လုပ်နေတာ” လို့ ပန်ဆိုင်း (ကြူကုတ်) ဒေသခံ တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ လဆန်းပိုင်းကမှာပဲ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်အတွင်းမှာ စာရင်းကောက်တာတွေ လုပ်တယ်လို့ ဆိုပါတယ်။
သိန္နီမြို့နယ်မှာတော့ ဒေသခံတွေကို အိမ်ထောင်စု စာရင်းလိုက်ကကောက်တာမျိုး မရှိပေမဲ့ ကိုးကန့် (MNDAA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေက မှတ်ပုံတင် မဟုတ်ရင် နေထိုင်ခွင့်၊ ဖြတ်သန်းသွားလာခွင့်ကတ်တွေ လုပ်ရပြီး အဲဒီကတ်တွေက မှတ်ပုံတင်ပုံစံလိုမျိုး ဖြစ်တယ်လို့ ပြောပါတယ်။
ကိုးကန့် (MNDAA) ထိန်းချုပ်ထားတဲ့ နယ်မြေတချို့မှာ အိမ်ထောင်စုစာရင်း လိုက်ကောက်ပြီး ကိုးကန့်မှတ်ပုံတင် လုပ်ပေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကို DVB က တယ်လီဂရမ်ကနေ ဆက်သွယ်မေးထားပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
အလားတူ ကိုးကန့် (MNDAA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေဖြစ်တဲ့ ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်း (ကြူကုတ်)၊ ကွမ်းလုံ၊ ကုန်းကြမ်းနဲ့ လောက်ကိုင် ဒေသခံတွေကလွဲလို့ တခြားဒေသခံတွေက MNDAA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ နယ်မြေကို သွားမယ်ဆိုရင် ဒေသခံ အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ၊ ဒေသခံ တယောက်ယောက်က အာမခံပြီး ထောက်ခံပေးတာ၊ လာကြိုပေးတာတွေ လုပ်ရပြီး သိန္နီ၊ လောက်ကိုင်တွေမှာတော့ နေထိုင်မယ်ဆိုရင် နေထိုင်ခွင့်ကတ်တွေ ပြုလုပ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။