ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ်-၂ ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဘုရားကျောင်းနဲ့ လူနေအိမ်ပျက်စီးခဲ့တယ်လို့ မင်းတပ်ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁ ရက် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁ က ချပ်ကျေးရွာကို မနက် ၁ နာရီမှာ တကြိမ် မနက် ၁၁ နာရီမှာ တကြိမ် တိုက်လေယာဉ် သုံးစီးနဲ့ ဗုံး ၁၀ လုံးကြဲချခဲ့တာ ဖြစ်ပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ချပ်ရွာဘုရားကျောင်း၊ လူနေအိမ် တလုံးနဲ့ ပြည်သူပိုင် ဆိုင်ကယ် လေးစီး၊ ကား တစီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မင်းတပ်ဒေသခံတဦးက “ရွာအဝင်က စားသောက်ဆိုင်က မနက် ၁ နာရီမှာ လာကြဲတာ၊ ၁၁ နာရီမှာ သုံးစီးလာတာက ရွာထိပ်က လူနေအိမ်တွေကို၊ တော်သေးတာ အဲဒီလောက်ကြဲတာကို လူမထိကြဘူး။ ကင်းထောက်လေယာဥ်နဲ့ ကင်းထောက်ဒရုန်းက တနေကုန်ပတ်နေတာ မနေ့ကတည်းက” လို့ ပြောပါတယ်။
ဧပြီ ၁ ရက် မွန်းလွဲ ၂ နာရီမှာ မင်းတပ်မြို့ ၂၇၄ တပ်ရင်းကနေ လက်နက်ကြီးနဲ့ တိုက်နယ် အမှတ်-၄ ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် တောမီးလောင်ပြီး လူနေအိမ် တချို့ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။