ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု မော်မောင်းလယန်ကျေးရွာမှာ နတ်ကနားပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နတ်ကြီးစင်ကုန်းမှာ မတ် ၃၁ ရက် မနက်က နတ်ကနားပွဲ ကျင်းပနေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“လက်နက်ကြီးကျည်တလုံးက ကနားပွဲအလယ်ကို ကျပြီးပေါက်ကွဲတာ။ ကနားပွဲထဲ လာတဲ့ အထဲက အသက် ၅၀ ကျော် အမျိုးသမီးတဦး ပွဲချင်းပြီး သေတယ်။ ၇ ဦးလောက်လည်း ဒဏ်ရာရသွားတယ်။ ဒဏ်ရာရတဲ့အထဲ ကလေးတွေလည်း ပါတယ်။"
နတ်ကနားပွဲအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်ကြည် သေဆုံးခဲ့ပြီး ကလေးငယ် နှစ်ဦး အမျိုးသမီးတဦးနဲ့ အမျိုးသား လေးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားပါတယ်။
မော်မောင်းလယာန်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နတ်ကနားပွဲအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့က ပစ်ခတ်တယ် ဆိုတာကိုတော့ မသိရပါဘူး။