Home
မြန်မာသတင်း
ဆီဆိုင်မြို့ကို စစ်ရှောင်ပြည်သူများ ပြန်လည်ဝင်ရောက်ပြီး ပစ္စည်းများ သယ်ခွင့်ရ
DVB
·
April 2, 2024
HsiSaing_02042024
HsiSaing SAC PNO_02042024

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ထဲကို ဧပြီ ၁ ရက်က ပြည်သူတွေ ပြန်လည်ဝင်ရောက်ပြီး ပစ္စည်းတွေကို သယ်ထုတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိ ဆီဆိုင်မြို့နဲ့ မြောက်ဘက် ပြည်ထောင်စုလမ်းမကြီးတလျှောက်ကို စစ်ကောင်စီတပ်နဲ့ PNO အဖွဲ့တွေ ဝင်ရောက်ထိန်းချုပ်ထားတယ်လို့လည်း သိရပါတယ်။

ဆီဆိုင်မြို့ခံ အမျိုးသားတဦးက “လမ်းတလျှောက်လုံး သူတို့ဂိတ်တွေချည်းပဲ၊ မှတ်ပုံတင်စစ်တယ် ဆီဆိုင်မြို့ခံဆိုရင်ပေးဝင်တယ်၊ ပေးမနေသေးဘူး၊ ညနေပိုင်း ၃ နာရီဆို အကုန်ပြန်ထွက်ရတယ်။ မြို့ကို စဝင်တာနဲ့ ပျက်စီးတာတွေချည်းပဲ။ ဈေးပတ်ပတ်လည်ဆိုလည်း ရစရာမရှိဘူး။ လက်နက်ကြီးထိလို့ ပျက်စီးတဲ့အိမ်ဆိုရင် ပစ္စည်းတွေကျန်သေးတယ်၊ အဲဒါတွေ ပြန်ယူတာ” လို့ ပြောပါတယ်။

မီးမလောင်တဲ့ အိမ်တွေ၊ မီးတဝက်ပဲလောင်တဲ့ အိမ်တွေ၊ လက်နက်ကြီးထိလို့ ပျက်စီးသွားတဲ့ အိမ်တွေနဲ့၊ ကြားထဲ ဘာမှမထိဘဲ အကောင်းတိုင်း ကျန်နေတဲ့ အိမ်တချို့မှာ အိမ်ထဲကို သူခိုးတွေ ဝင်မွှေထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“မီးမလောင်တဲ့ အိမ်တွေထဲမှာ သူခိုးတွေ မွှေထားတယ်။ ဗီဒိုတွေလည်း ရိုက်ခွဲနဲ့ အဝတ်အစား အသစ်တွေ၊ ပိုက်ဆံတွေကို ယူသွားတယ်။ စစ်သားတွေ ဝင်အိပ်တယ်၊ ဆန်အိတ်တွေ ဆီပုံးတွေ သယ်သွားတယ်၊ မီးလောင်သွားတဲ့ အိမ်တွေတော့ ပိုများတယ်။ လက်နက်ကြီးထိလို့ အပေါ်တပိုင်း ပြတ်တာ၊ ပြတင်းပေါက်ကွဲတာ၊ အိမ်ကြီးပြိုကျတာတွေလည်း အများကြီး တွေ့ရတယ်။ ကျမဆို ကျန်ခဲ့တဲ့ ပြောင်းကို နှမြောလွန်းလို့ ဘာမှတောင်မလုပ်နိုင်တော့ဘူး။ ပိဿာချိန် ထောင်ချီကို မီးလောင်သွားတာလေ” လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ ကရင်နီအမျိုးသား ပြည်သူ့ကာကွယ်ရေးတပ် (KNDF) တပ်တွေက မြို့တောင်ဘက် မိုင်းဘောင်၊ နောင်အယ်ကျေးရွာတွေမှာ ဆက်လက်တပ်စွဲထားတယ်လို့ သိရပါတယ်။ 

နှစ်လကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာ အခုလို ပထမဆုံး ပြန်လည်ဝင်ရောက်ခွင့်ရတာ ဖြစ်ပြီး မြို့ထဲ ပြန်လည်နေထိုင်ဖို့ ခွင့်မပြုသေးတာကြောင့် ပြည်သူတွေဟာ ကျန်တဲ့ပစ္စည်းတချို့ကို အမြန်ဆုံးယူပြီး စစ်ရှောင်စခန်းတွေမှာ ဆက်လက်နေထိုင်ရဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024