(က)
ပြတင်းပေါက်နားမှာ အဘစောမူးသာက တတောင်လောက်ရှိတဲ့ စာရွက်ကြီးကို စိတ်ဝင်စားစွာ ဖတ်နေတာ မြင်ရပါလေ၏။
ဂျာနယ်လို ထူထူထဲထဲတော့မဟုတ်။ အဘစိမ်းမောင်က စိတ်ဝင်စားစွာ လှမ်းမေးပါ၏။
“ဘာတွေများ အသည်းအသန် ဖတ်နေပြန်တာလဲ မူးသာရာ”
အဘစောမူးသာက လှမ်း၍ပြုံးပြကာ “မင်းတို့အဘ ကြင်စိုး သာဝ မအလကို အားကျလို့၊ သူ့လိုပဲ ဗေဒင်တို့ ယတြာတို့နဲ့ ဆက်နွှယ်နေမယ့် ၁၃၈၆ ခုနှစ်အတွက်ဟာတွေ ကြိုတင် လေ့လာနေတာကွ” ဟု ပြန်ပြောပြီးသကာလ ဤသို့ ဆက်ပါလေ၏။
“နှစ်အမည်ကား အာသဠနှစ်တည်း။ နှစ်ကို မဂါးရ်စောင့်၏။ လကို ငါးစောင့်၏။ ရက်ကို ကုမ္ဘဏ်ဘီလူး စောင့်၏။ မြေကိုယ် ဒက္ခရက် ဘီလူးစောင့်၏။ ကောင်းကင်ကို ဣန္ဒသရောနတ် စောင့်၏။ ရေကို နဂါးစောင့်၏။ မိုးကို လင်းပိုင်စောင့်၏။ တောကို ယုန်စောင့်၏ တဲ့”
“မင်းသင်္ကြန်စာကို ဆက်ပါအုံး မူးသာရ”
“အေးပါ စိမ်းမောင်ရ . . . ‘တောကို ယုန်စောင့်၏။ တပ်ကို မုန့်ဟင်းခါး စောင့်၏။ တပ်ချုပ်ကို ကြိုးစင်စောင့်၏”
“ဘာ ကွ . . .”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
“ရီးတဲ့မှပဲ . . . . .”
အဘစိမ်းမောင် တင်းသွား၏။ ပြီးတော့ “မပါတာတွေ လျှောက်မဖတ်နဲ့” ဟု ပြောပါ၏။
“ပါတယ်ကွ” ဟု အဘစောမူးသာက ခပ်တည်တည် ပြန်ပြောပါ၏။ စစ်ပြန်ကြီး အဘလုံးတုံးက “ဆက်ဖတ်ပါအုံးဟ မူးသာရ” ဟု တောင်းဆိုလာလေရာ ဆက်၍ ဖတ်ပြပါလေ၏ ခင်ဗျာ။
“လူတို့၏အဓိပတိကား သုခမိန်၊ အခြေလေးခုတို့၏ အဓိပတိကား မဂါရ်း၊ ငှက်တို့၏ အဓိပတိကား ဝမ်းဘဲ၊ သစ်ပင်တို့၏ အဓိပတိကား ဆူးခေါင်းနက်၊ ဝါးတို့၏အဓိပတိကား တင်းဝါး၊ မြက်တို့၏ အဓိပတိကား ပပြားမြက်၊ လူယုတ်မာတို့၏ အဓိပတိကား သောင်းလှိုင်သား”
“ဝါး . . ဟားဟား ဟားဟား ဟားဟား ဟား”
စိမ်းသရဖူစိမ်း အဘစိမ်းမောင်၏ မျက်နှာတော်ကား ညိုမှောင်လာပြီ ဖြစ်၏။ အရွှင်အဘတွေက ပေါ့ပေါ့ပါးပါးပင် ဆက်ရွှင်ကြပါလေ၏။ “သင်္ကြန်စာကို ပြီးအောင် ဆက်ဖတ်မှပါပဲ” ဟု ဆိုကာ ဆက်ဖတ်ပြပါလေ၏။
“နက္ခတ် ၆ လုံးငုတ်၍ ၇ လုံးပေါ်၏။ မိုးဦး မိုးလယ် ကောင်းအံ့။ မိုးအကြိမ် ၆၀ ရွာအံ့။ ရေကြီးအံ့။ မိုးနှောင်း တံ့အံ့။ ကဆုန်လဆန်း မိုးသံကြားအံ့။ နယုန်မှာ ရွာအံ့။ သားသမီးလုလင်များ ချစ်ခင်သူများနှင့် ကွေကွင်းအံ့။ ပြည်ရွာ မီးလောင်ဖန် များအံ့။ ထိုနှစ်ဖွားသော သားကား ပညာရှိအံ့။ တိုင်းပြည်၏မင်းအစစ်ကား ရန်သူဟူသမျှကို အောင်မြင်အံ့။ အာဏာလု မင်းအတုကား တိုင်းသူပြည်သားတို့၏ မေတ္တာစူးရှကာ ရုတ်တရက်ဆိုသလို သေရွာလားအံ့၊ သို့တည်းမဟုတ် ရေခြားမြေခြားသို့ အသက်လု ပြေးရအံ့...”
“ဝါး . . . ဟားဟား ဟားဟား ဟားဟားဟား”
“ဤကား အတာစက္ခု အလိုတည်း . . .”
“ဟီးဟီး ဟီးဟီး ဟီးဟီး ဟီး”
(ခ)
စိမ်းဆိုမှစိမ်း ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘစိမ်းမောင်နှင့် သူ၏ငယ်ပေါင်းများမှာ အလွန်လိုက်ဖက်လှကြပါပေ၏။ စိတ်ဆိုးဆဲဆိုလည်း ခဏပါပဲ။ “နောက်မလာတော့ဘူး” ပြောသွားလည်း နောက်နေ့မနက်မှာ ရောက်လာတတ်တာပါပဲ။
“သင်္ကြန်စာက မပြီးသေးဘူးကွ၊ အရှည်ကြီးကျန်သေးတယ်”
“ကျန်ကျန်ကွာ . . . ဆက်ဖတ်မနေနဲ့တော့”
“မင်းပဲ ခုနက တောင်းဆိုခဲ့တာလေကွာ”
“အေး . . . မင်းက စာထဲမပါတာတွေပါ ထည့်ထည့်ဖတ်ပြနေတာကိုးဟ သေနာရ”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
သို့ဖြင့် သင်္ကြန်စာအစီအစဉ် ဤတွင်ပြီးလေကာ TV ကို ဖွင့်ပါလေ၏။ မအလလက်ထက် TV မှ လာနေသည့် ‘သင်္ကြန်အစီအစဉ်’ များကို မြင်ကြရပါ၏။ ကြည့်ရသည်မှာ အနုပညာမပါ၊ ခြောက်ကပ်ကပ်ကြီးဟု အရွှင်အဘတွေက သုံးသပ်ကြပါ၏။
“ခေတ်ဆိုး ခေတ်ပျက် အချိန်အခါမှာ ခေတ်အဆက်ဆက် မြူးကြွခဲ့တဲ့ ‘သင်္ကြန်တေး’ တွေတောင်မှ ‘ခြောက်ကပ်ကပ်ကြီး’ ဖြစ်နေပါရောလား ဖေကြီးရာ”
“ဟုတ်ကဲ့ အဘ”
ထို့နောက် အဘစောမူးသာက “ဒီတော့ . . . စိုစိုပြည်ပြည် ဖြစ်သွားအောင် ငါတို့တွေ တလှည့်စီ ဆိုကြမယ်၊ ပထမဦးဆုံး အလှည့်ကျသူကတော့ လေရှီးက ဖေကြီး ဖြစ်ပါတယ်ခင်ဗျား” ဟုဆိုကာ မိုက်ကို ထိုးပေးလာပါ၏။
“ကျ . . . ကျနော် . . . အဘတို့လို မပိုင်ဘူး”
“လျှိုမနေပါနဲ့ လူပျိုကြီးရာ . . . ဖေကြီးရဲ့ အာစလျှာစကို သိထားပြီးသားပါ”
ငြင်းလို့လည်း မရသည့်အဆုံး သီဆိုဘူးသည့် သင်္ကြန်တေးများထဲမှ ‘ရေတွေစိုကုန်ပြီ’ အမည်ရသည့် အပုဒ်ကို ရှာ၍ ဆိုဖြစ်ခဲ့ပါလေတော့သတည်း။
“တူစုံမောင်မယ်ပျော်သည်
သင်္ကြန်ခါတော် အ ချိ န် မီ
ရေကစားကြဖို့ ထွက်လာပြီ . . .”
“စိုပါစေ ဘာ မ ထီ
ပက်နိုင်ပါတယ် ခင်မဒီ
ရေတွေ ရေတွေ စိုကုန်ပြီ . . .”
“ချမ်း ချမ်းလှပြီ ၊ ပန်း ပန်းလှပြီ
စကားတခွန်းတော့ မေးလိုက်ချင်သည်
ခ င့် နာ မ ည် . . .”
“ချမ်း ချမ်းလှပြီ ၊ ပန်း ပန်းလှပြီ
စကားလေးတခွန်းတော့ မေးလိုက်ချင်သည်
ခ င့် နာ မ ည် . . .”
“ဖြောင်းဖြောင်း ဖြောင်းဖြောင်း ဖြောင်းဖြောင်း”
လက်ခုပ်တီး၍ အားပေးကြပါ၏။ အဘလုံးတုံးက စာရွက်နှင့် ဘောပင်ရှာကာ ဘာတွေ ရေးခြစ်နေသည် မသိရပါ။ ခဏအကြာမှာ “ဒုတိယအလှည့်ကျသူကတော့ အဆိုပျော်ကြီး လုံးတုံး ဖြစ်ပါတယ်” ဟု ကိုယ်တိုင်မိတ်ဆက်ကာ ဖေကြီး ဆိုခဲ့ရာ ‘ရေတွေစိုကုန်ပြီ’ ကိုသာ ပြန်ရစ်ခိုင်း၍ ဋ္ဌာန်ကရိုင်းကျစွာ ဘယ်သံဝါဝါကြီးဖြင့် ဤသို့ ကျူးရင့်လိုက်ပါလေတော့သတည်း။
“တူစုံမောင်မယ် ဆော် သ ည်
သင်္ကြန်ခါတော် အ ချိ န် မီ
စစ်ကစားကြဖို့ ထွက်လာပြီ . . .”
“ငိုပါစေ ဘာ မ ထီ
ပစ်နိုင်ပါတယ် ခ င် မ ဒီ
ခြေလျင် ရေပြင် ဝေဟင် ငိုကုန်ပြီ . . .”
“အရမ်း အရမ်းချသည်၊ ပန်း ပန်းလှပြီ
စကားတခွန်းတော့ မေးလိုက်ချင်သည်
တ ပ် နာ မ ည် . . .”
“ပန်း ပန်းလှပြီ၊ အရမ်း အရမ်းကျသည်
စကားလေးတခွန်းတော့ မေးလိုက်ချင်သည်
တ ပ် နာ မ ည်”
“ဝါး . . . ဟား ဟား ဟား ဟား ဟား ဟား”
(ဂ)
အဘစိမ်းမောင်၏ ညိုမှောင်နေသည့် မျက်နှာကြီးမှာ မည်းနက်လာလေပြီ။ စိတ်လက် မသက်မသာဖြင့် သူ၏ငယ်ပေါင်းများကို ရှုတင်းတင်းကြီး ကြည့်နေပါ၏။ ဟိုအဘတွေက မသိချင်ယောင်ဆောင်ကာ ကြေညာပါလေ၏။
“ယခုတဖန် အလှည့်ကျသူကတော့ ပရိသတ်အသည်းဆိုင်ကို စွဲကိုင်ကာ လှုပ်ယမ်းမည့် စိမ်းသရဖူစိမ်း အဆိုကျော်ကြီး စိမ်းမောင် ဖြစ်ပါတယ် ခင်ဗျား”
ပြောအပြီး လက်ထဲကို မိုက်ထိုးပေးလိုက်လေရာ အဘစိမ်းလည်း ယောင်၍ယူလိုက်ပြီး မိုက်ကြီးနှင့် “ရီး အဆိုကျော်ကြီးလား” ဟု ပြောချလိုက်မိလေရာ “တဟားဟား” ဖြစ်ကြရပြန်ပါလေ၏။
ဘယ်လိုပင် စည်းရုံးစေကာမူ ငူငူကြီးထိုင်နေကာ နှုတ်ခမ်းကြီး စူနေပါလေ၏။ သို့ကြောင့် အစီအစဉ်ကိုပြောင်းကာ “တတိယတပုဒ်ကို ရွေးထုတ်သီဆိုမည့်သူကတော့ လေရှီးက ဧည့်သည်အဆိုကျော် ဖေကြီး ဖြစ်ပါတယ် ခင်ဗျား” ဟု လုပ်ချလိုက်ပြန်ပါ၏။
“မရတော့ဘူး အဘ . . .”
“ဘာ မရရမှာလဲ . . ဒီတပုဒ်တော့လုပ်အုံး”
သို့ဖြင့် အခွေများထဲမှ ကိုယ်ဆိုနိုင်မည်ထင်သည့် သီချင်းတွေကို ပိုက်စိပ်တိုက် ရှာကြည့်လေရာ ‘ညိုမြ’ ဟူသည့် သီချင်းလေးကို တွေ့ရပါ၏။ ဤသို့ဖြင့် ကြိုးစားကာ သီဆိုရပါလေ၏။
“သင်္ကြန်ခါတော် ရေကစားကြတာ
ပျော် ရွှ င် စ ရာ . . .
လောင်းကာပက်ကာ မောင်ရင်းနှမပမာ
ကြ ည် လ င် စွာ . . .
သြော် ( ရေကစားမှာ ) ၂
ညို မြလို့ အခေါ်မခံချင်နဲ့ကွာ . . .”
“( လောင်း ) ၃ လိုက်ပါ
ရွှဲအောင်လောင်းလိုက်ပါ
( ပက် ) ၃ လိုက်ပါ
ညီမလေးတွေလည်းပါ . . .”
“နောင်နှစ်ခါလည်း ဒီနှစ်လိုပဲ
ဆုံ ေ တွ့ ကြ ရ မှာ . . .
ဒီနှစ်လိုပဲ နောင်နှစ်ခါလည်း
ဆုံ တွေ့ ကြ ရ မှာ . . .
ရက်မြတ်အခါ ဒီအချိန် ဒီအတာ
နှစ်ကူးတန်ခူးမို့ ကြည်နူးကြစို့
ပန်းပေါင်း ဝေဝေ ဆာ . . .”
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”
ဒုတိအကြိမ်မြောက် လက်ခုပ်ဖြင့် ဂုဏ်ပြုကြပြန်ပါလေ၏။
အဘစောမူးသာက အဘလုံးတုံးထံမှ စာရွက်နှင့်ဘောပင်ကို တောင်းယူကာ ရေးခြစ်နေတာ မြင်ရပြန်ပါလေ၏။ အဘလုံးတုံးလိုပဲ ‘ညိုမြ’ ကို ‘စာမြှောင်ကပ်’ တေးအဖြစ် ဖန်တီးပြန်ပြီထင့်။
ခဏနေတော့ “ယခုနောက်ဆုံး အလှည့်ကျသူကတော့ နိုင်ငံကျော်တေးသံရှင် အလင်္ကာကျော်စွာ စောမူးသာ ဖြစ်ပါတယ် ခင်ဗျား၊ သီဆိုမယ့်သီချင်းကတော့ ‘ညိုမြ’ သီချင်းရဲ့ အလိုက်နဲ့ ‘ငိုအဘ’ ဖြစ်ပါတယ် ခင်ဗျား” ဟု ကြေညာကာ အဘလုံးတုံးလို ဘယ်သံဝါဝါကြီးဖြင့် စာရွက်ကလေးကိုကြည့်ကာ ကြည့်ကာ သီဆိုပါလေတော့၏တည်း။
“သင်္ကြန်ခါတော် စစ်ကစားကြတာ
ပျော် ရွှ င် စ ရာ . . .
ပစ်ခံ ကြဲခံ မောင်တို့အဘဟာ
မ ကြ ည် လ င် ပါ
သြော် ( စစ်ကစားမှာ ) ၂
ငိုအဘ လို့ အခေါ်မခံချင်နဲ့ကွာ . . .”
“( ညောင်း ) ၃ လိုက်ပါ အဘတွေ
ညော င်း လို က် ပါ
( နှက် ) ၃ လိုက်တာ
နှမလေးတွေလည်းပါ . . .”
“ဗြောင်ပစ်တာလည်း ဒီအဖြစ်လိုပဲ
အ ကု န် လုံး ကြွ ရ မှာ
ဒီအဖြစ်လိုပဲ ဗြောင်ကစ်တာလည်း
အ ကု န် လုံး ကြွ ကြ မှာ
တ ပ် ပျ က် ခါ ဒီအချိန် ဒီ မ သာ
နှစ်ကူး အထူးမို့ ဆော်လိုက်ကြစို့
ဂ န်း ပေါ င်း ဝေ ဝေ ဆာ . . .”