ရန်ကုန်မှာ စစ်မှုထမ်းဖို့ မဲပေါက်ထားတဲ့ လူငယ်တွေ ထွက်ပြေးနေတဲ့အတွက် စစ်ကောင်စီတပ်တွေက လိုက်လံဖမ်းဆီးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
စစ်မှုထမ်းဖို့ မဲပေါက်ထားပြီးသား လူငယ်တချို့ဟာ စစ်မှုမထမ်းလိုတဲ့အတွက် ထွက်ပြေးတိမ်းရှောင်တာကြောင့် စစ်ကောင်စီတပ်တွေဟာ ရပ်ကွက်တွေအတွင်း ပိုက်စိတ်တိုက် လိုက်လံဖမ်းဆီးနေတယ်လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
“မနေ့ညက မီးတွေပြတ်သွားတော့ ပုံမှန်မီးပြတ်ပဲ ထင်တာ။ ဧည့်စာရင်းစစ်တော့မှ သူတို့ ဖြတ်ခိုင်းထားမှန်းသိတာ။ ဧည့်စာရင်းစာအုပ်ကြည့်ပြီး လူပိုရှိမရှိ အိမ်တွေထဲအထိ ဝင်ရှာတာမျိုးတွေ လုပ်တာ။ မနက်မှ ပြန်သိရတာက စစ်မှုထမ်းဖို့ မဲပေါက်ထားတဲ့ ကောင်လေးက ထွက်ပြေးသွားလို့ လိုက်ရှာကြတာတဲ့။”
စစ်မှုထမ်းဖို့ မဲပေါက်ထားသူတွေ ရောက်မလာရင် မိသားစုဝင်တွေက လိုက်လံရှာဖွေပေးရမယ်လို့ စစ်ကောင်စီတပ်က ဖိအားပေး ခြိမ်းခြောက်တာတွေနဲ့ လိုက်လံရှာဖွေတွေ့ရှိတဲ့ လူငယ်တွေကိုလည်း ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်တာမျိုးတွေ လုပ်တယ်လို့ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူတဦးကလည်း ပြောပါတယ်။
“သူတို့လည်းရှာတယ်။ မိသားစုဝင်တွေကိုလည်း ရှာခိုင်းတယ်။ မတွေ့ရင် ခင်ဗျားတို့ တခုခု တာဝန်ယူရမယ်လို့ ခြိမ်းခြောက်တာမျိုးတွေ ရှိတယ်။ ကိုယ့်ရပ်ကွက်ထဲမှာလည်း ထွက်ပြေးတဲ့ ကလေးတွေရှိတော့ ညဘက် မီးပြတ်ရင် ကြောက်နေရတယ်။ မီးပြတ်တာနဲ့ ရောက်ရောက်လာတာ။ ကိုယ့်အိမ်က သားသမီးမရှိဘူး ဆိုပေမဲ့ အခုစစ်မှုထမ်းကိစ္စနဲ့ ဒီကောင်တွေက အုပ်ကြီးတွေနဲ့ပေါင်းပြီး ရပ်ကွက်ကို ပတ်ရမ်းနေတာ။”
အခုအခါ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေကို သင်တန်းကျောင်းအသီးသီးကို ပို့ဆောင်နေပြီး ရောက်ရှိလာသူတွေကိုလည်း သောင်းသောင်းဖြဖြ ကြိုဆိုနေပုံ၊ ထမင်းကျွေးနေပုံ၊ စစ်ဝတ်အသုံးအဆောင်ပစ္စည်းတွေ ထုတ်ပေးနေပုံတွေကို စစ်တပ်လော်ဘီချန်နယ်တွေက ဖြန့်ဝေနေပါတယ်။
စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့ လူငယ်တွေအနေနဲ့ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုရင် တော်လှန်ရေးအဖွဲ့တွေကို ကြိုတင်ချိတ်ဆက်ကာ ခိုလှုံဖို့နဲ့ သင်တန်းတက်ရောက်ပြီး ရှေ့တန်းစေလွှတ်ခံရရင် တော်လှန်ရေးတပ်ဖွဲ့တွေရှိရာကို ထွက်လာနိုင်ဖို့ ကြိုးစားပါလို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။