မြန်မာနိုင်ငံ ကရင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားမှု များလာတာကြောင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေးကို ပိုမိုတင်းကျပ်ပြုလုပ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့ နယ်စပ် သတင်းရင်းမြစ်ကနေ သိရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ များလာသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတာတွေလည်း ရှိနေတာပါ။
ဒီအခြေအနေကြောင့် ထိုင်းတပ်မတော် ဒေသကွပ်ကဲရေးတပ်ဖွဲ့ဗျူဟာမှူး ဦးစီးပြီး အုန်းဖန်မြို့ မြန်မာ-ထိုင်းနယ်စပ် ဝင်ပေါက်ထွက်ပေါက် သဘာဝဂိတ်တွေကို မတ် ၃၁ ရက် မနက်ပိုင်းမှာ ပိတ်လိုက်ပြီး လုံခြုံရေးတင်းကျပ်လိုက်ကြောင်း ထိုင်းသတင်းမှာ ရေးသားထားပါတယ်။
နယ်စပ်သဘာဝဂိတ်ဖြစ်တဲ့ တောင်ခြားလမ်းကြားနဲ့ တောင်ပေါ်တို့မှာ သံဆူးကြိုးနဲ့လည်းကောင်း၊ ကွမ်းခြံလမ်းကြားကိုလည်း သံဆူးကြိုးနဲ့ကာပြီး လူသွားလာအဝင်အထွက်များတဲ့နေရာဆိုရင် ထိုင်းစစ်တပ်အင်အား တိုးမြှင့်ချ လုံခြုံရေးယူထားကြပါတယ်။
ပြီးခဲ့တဲ့ မတ်လက ထိုင်းဘက်ကိုထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်က ဗိုလ်မှူးနဲ့ ဗိုလ်ကြီး အပါအဝင် တပ်ဖွဲ့ဝင်တွေကို ထိုင်းစစ်တပ်ကဖမ်းဆီးခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးအရ မြဝတီ- မဲဆောက် (TBC)မြို့နယ်အဆင့်နယ်ခြားကော်မတီကနေ ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။
မြန်မာဘက်ခြမ်း မြဝတီမြို့မှာလည်း မတ် ၃၀ ရက် မနက်က နယ်ခြားစောင့် (BGF)တပ်ဖွဲ့တွေက နယ်မြေစိုးမိုးရေးနဲ့ မြို့တွင်းလုံခြုံရေးအတွက် လမ်းမကြီးတွေနဲ့ မြို့တွင်း ကင်းလှည့်ခဲ့တယ်လို့ BGF တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။