Home
မြန်မာသတင်း
ရန်ကုန်၌ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်လာပြီးနောက် လုံခြုံရေး ပြန်တင်းကျပ်
DVB
·
April 1, 2024
YangonSecurity_01042024

ရန်ကုန်မြို့မှာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့နေရာတွေကို ဖောက်ခွဲတိုက်ခိုက်တာတွေ ဆက်တိုက် ရှိလာတာနဲ့အမျှ စစ်တပ်ဘက်က လုံခြုံရေးကို ပိုပြီး တင်းကျပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်နဲ့ ရဲကားတွေ ကင်းလှည့်သွားလာတာတွေ ပိုတွေ့လာရသလို လမ်းတချို့မှာ ကားတွေကို စစ်ဆေးတာတွေ ပြန်များလာနေတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်သူတဦးက “ဒဂုံလေးမြို့နယ်ကို တောက်လျှောက်မွှေနေတယ်။ မထင်ရင် မထင်သလို စစ်ဆေးတာတွေရှိတယ်။ ယူဂျီကလေးတွေ သတိထားဖို့ မှာချင်တယ်” လို့ ပြောပါတယ်။

မကြာခင်က ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တဲ့ မင်္ဂလာဒုံနဲ့ အင်းစိန်မြို့နယ်တွေမှာလည်း လုံခြုံရေး ထပ်တင်းကျပ်ထားသလို ကင်းပုန်းချတာတွေ ရှိနေတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

ကိုယ်တိုင်တွေ့မြင်ခဲ့သူတဦးက “လေတပ်စခန်းနဲ့ ဦးပိုင်ယာဥ်ရပ်နားစခန်းက ဖောက်ခွဲတိုက်ခိုက်ခံရတာ ခဏခဏဖြစ်နေတာ။ ဟိုတရက်ကတော့ အဲဒီနေရာနား ဂျပန်လမ်းမှာ ကင်းပုန်းချထားတာ တွေ့ခဲ့တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ရပ်ကွက်တချို့မှာလည်း ဧည့်စာရင်းစစ်တာတွေ ပိုလုပ်နေပြီး လူငယ်တွေရှိတဲ့အိမ်နဲ့ အဆောင်တွေကို ပိုပြီး စစ်ဆေးနေတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေက ရန်ကုန်ရှိ စစ်ကောင်စီနဲ့ပတ်သက်တဲ့ အဆောက်အဦနဲ့ ရုံးတွေကို တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမှာဖြစ်လို့ အဲဒီနေရာတွေကို သတိထား ရှောင်ရှားသွားလာဖို့ ပြည်သူတွေကို သတိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013