Home
မြန်မာသတင်း
ကောလင်းမြို့တွင် တိုက်ပွဲဖြစ်
DVB
·
April 1, 2024
KawLin

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ အနောက်ဘက် ပန်းတင်ရွာအနီးမှာ မတ် ၃၁ ရက် မနေ့မနက် ၄ နာရီ‌လောက်က စတင်ပြီး ညနေ ၃ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်ပွားရာအနီး ကျေးရွာက ပြည်သူ ထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။

“တိုက်ပွဲ မနက်ခင်းက စဖြစ်ကြတာပဲ။ နှစ်ဖက်စလုံးက ပစ်လိုက် ရပ်လိုက်နဲ့ တနေကုန် ပစ်နေကြတာပဲ။ သူတို့ တိုက်ပွဲဖြစ်ကြတော့ ရွာထဲကနေ ထွက်ပြေးတာပေါ့။ အခုထိ ရွာထဲ မဝင်ရဲသေးဘူး။ ကျောက်ကာ၊ မင်းကုန်း၊ ဖန်းခါးကုန်း ပြည်သူတွေပါဗျ။ နှစ်ဖက်စလုံးက လက်နက်ကြီးတွေသုံးပြီး ပစ်တာမို့ ထွက်မပြေးလို့လည်း မရဘူးလေ။”

စစ်ကောင်စီတပ်ကတော့ ကောလင်းမြို့အတွင်းကနေ စတင်ထွက်ခွာလာပြီး နယ်မြေရှင်းလင်းရေးကို အကြောင်းပြကာ ဒေသခံ ကျေးရွာတွေကို ဝင်ရောက်ပစ္စည်းလုယူပြီး နေအိမ်တွေကိုပါ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရဲဘော်တဦးက “တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေတာပဲ။ တပ်ရင်းတွေက မထုတ်ပြန်မချင်း မပြောရဲဘူး။ သူတို့ သတင်းထုတ်ပြန်ပြီးရင်တော့ ပြောလို့ရတယ်။ မနေ့ကလည်း တိုက်ပွဲဖြစ်သေးတယ်။ ကျနော်တို့ဘက်က ရဲဘော် ခုနစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိတယ်။ နောက်ထပ် ရဲဘော်တဦးကတော့ ဒဏ်ရာပြင်းထန်တယ်။ စကစဘက်ကလည်း ဒဏ်ရာရတဲ့သူ ၂၀‌ ကျော်ရှိမယ် ထင်တယ်” လို့ ပြောပါတယ်။

မနေ့က တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက် စစ်ရေးအခြေအနေက ဒီနေ့ ဧပြီ ၁ ရက်အထိ တင်းမာနေဆဲဖြစ်ကာ စစ်ကောင်စီတပ်ကတော့ ကျောက်ကာ၊ မင်းကုန်း၊ ဖန်ခါးကုန်းရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ အခိုင်အမာ ခံစစ်ပြင် တပ်ဆွဲထားတယ်လို့လည်း သိရပါတယ်။

မနေ့ မတ် ၃၁ ရက် တိုက်ပွဲမှာ ကောလင်းခရိုင် အမှတ် ၂ တပ်ရင်း၊ ကန့်ဘလူခရိုင် အမှတ် ၁ တပ်ရင်း၊ ခရိုင်ပကဖ၊ ကောလင်း ဇုန် ၂၊ ၅၊ ၆ ပကဖ၊ လက်နက်ကြီးအဖွဲ့နဲ့ ယင်းမာပင် ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013