Home
မြန်မာသတင်း
တရုတ် အဝယ်နည်းသွားသဖြင့် ပဲတီစိမ်းဈေး သိသိသာသာကျဆင်း
DVB
·
April 1, 2024
BeanGreen_01042024

လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေနဲ့ တရုတ်က ဝယ်ယူမှုနည်းသွားတာကြောင့် ပဲတီစိမ်းဈေး သိသိသာသာကျဆင်းသွားတဲ့အတွက် ပဲတီစိမ်းအသစ်ပေါ်တဲ့ တောင်သူတွေ အရှုံးပေါ်နေတယ်လို့ စိုက်တောင်သူတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

ပဲတီးစိမ်းဈေးက ဈေးစဖွင့်တဲ့ ဖေဖော်ဝါရီက တတင်း (ပိဿာ ၂၀) ကျပ် ၉၅,၀၀၀ အထိ ဖြစ်သွားပေမဲ့ ဒီကနေ့ဈေးနှုန်းမှာ တတင်း (ပိဿာ ၂၀) ကျပ် ၇၀,၀၀၀ အထိကျဆင်းခဲ့ပါတယ်။

ပဲတီစိမ်းဟာ စျေးအမြင့်ဆုံးရပြီး နိုင်ငံခြားဝင်ငွေ အများဆုံးရတဲ့ပဲ​ဖြစ်ပေမဲ့ တရုတ်နယ်စပ် အခြေအနေတွေနဲ့ တခြားပို့ဆောင်ရေး အခက်အခဲတွေကြောင့် တရုတ်ကဝယ်ယူမှု နည်းနေပြီး ဈေးနှုန်း သိသိသာသာ ကျဆင်းခဲ့တာလို့ ကုန်သည်တဦးက ပြောပါတယ်။

"ဈေးဘာလို့ ထိုးကျသွားလဲဆိုရင် တရုတ်က အဝယ်နည်းသွားလို့ပါ။ နောက်ပြီး လမ်းပန်းဆက်သွယ်ရေးနဲ့ နိုင်ငံရေးအခြေအနေကလည်း ဆိုင်ပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက အစ်ကိုတို့ ထင်ထားတာက ဒေါ်လာဈေးတက်ရင်ပဲ ဈေးလိုက်တက်ခဲ့မယ် ထင်တာ။ အခုက ဒေါ်လာဈေးတက်လေ ပဲဈေးက ထိုးကျလေပဲ" လို့ ပြောပါတယ်။

ပဲတီစိမ်းပုံမှန်ပို့နေကျ မူဆယ်လမ်းကြောင်းပိတ်ထားတာကြောင့် မိုင်းလာဘက်က ပို့နေရအတွက် လမ်းခရီးကြာပြီး ကားတွေ ပိတ်မိနေတဲ့အတွက် နယ်စပ်မှာ ပဲတီစိမ်းတွေ များနေပြီး တရုတ်က အဝယ်နည်းတာကြောင့် ဈေးနှုန်းကျဆင်းခဲ့ရတာလို့ ဆိုပါတယ်။

ပဲတီစိမ်းဈေးနှုန်း ကျဆင်းတာကြောင့် အခုမှ ပဲတီစိမ်းထွက်တဲ့ ရန်ကုန်နဲ့ ပဲခူးဘက်တို့ရှိ တောင်သူတွေအနေနဲ့ အရှုံးပေါ်တယ်လို့ ပဲတီးစိမ်းစိုက်တောင်သူတွေက ပြောပါတယ်။

"ခရမ်း အပါအဝင် ရန်ကုန်နဲ့ ပဲခူးဘက် ပင်လယ်နဲ့ နီးတဲ့နေရာတွေမှာ အခုမှပဲထွက်ကြတာ။ အဓိကကတော့ သောင်မြေတွေမှာ စိုက်တဲ့သူတွေအကုန်လုံးက ခုမှထွက်တယ်။ ဒီဈေးနဲ့ ဘယ်လိုသွားကိုက်မှာလဲ။ အခုပေါက်နေတဲ့ ၇ သောင်းဆိုတာ လုံးဝအသန့်ဈေး။ ခုထွက်နေတဲ့ ပဲတော်တော်များက အမဲတွေပါတယ်။ အလုံးသေးတဲ့ အများဆုံး ၅၈,၀၀၀ လောက်ပဲရတာ။ ၇ သောင်းဈေးတောင် အရှုံးပေါ်ပါတယ်ဆိုရင် ၆ သောင်းနီးပါလောက်ဆိုရင်တော့ ပြောတောင် မပြောခြင်တော့ဘူး" လို့ ပြောပါတယ်။

ပဲတီစိမ်းဈေးနှုန်း သိသိသာသာကျဆင်းသွားပေမဲ့ မျိုး၊ မြေဩဇာ၊ ပိုးသတ်ဆေးနဲ့ အလုပ်သမားခ အပါအဝင် အထွေထွေကုန်ကျစရိတ် မြင့်တက်လာတာကြောင့် လာမယ့်နှစ် ပဲစိုက်မယ့်သူ နည်းသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ပဲတီစိမ်းကို တရုတ်နိုင်ငံက ၉၀ ရာခိုင်နှုန်းအထိ အဓိကဝယ်ယူပြီး ၁၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံနဲ့ အိန္ဒိယတို့က ဝယ်ယူနေပါတယ်။

ပဲတီစိမ်းကို မြန်မာနိုင်ငံမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ အဓိကစိုက်ပျိုးပါတယ်။

ပဲတီစိမ်းကို မိုးကြိုရာသီစိုက်ပျိုးရာမှာ ဖေဖော်ဝါရီလလယ်မှ မတ်လအလယ်၊ မိုးရာသီ စိုက်ပျိုးရာမှာ မေလလယ်မှ သြဂုတ်လလယ်၊ စပါးရိတ်သိမ်းပြီးချိန် သီးထပ်အနေနဲ့ နိုဝင်ဘာလတို့မှာ စိုက်ပျိုးကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013