ရှမ်းပြည်နယ်၊ မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်က မြေမြှုပ်မိုင်းနင်းမိသူ လေးယောက် ဆေးကုသဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ တအောင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ဆီက သိရပါတယ်။
အခုနှစ် ဇန်နဝါရီကနေ မတ်လအထိ ကွတ်ခိုင်မြို့နယ်မှာ မြေမြှုပ်မိုင်းနင်းမိသူ ရှစ်ဦးရှိပြီး လေးဦးကတော့ လက်ရှိအချိန်အထိ ဆေးကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။
မြေမြှုပ်မိုင်းနင်းမိသူတွေထဲက ဦးအိုက်ရီ၊ ဦးအိုက်ညို့၊ ဦးအိုက်ငို၊ ဦးအိုင်ယိုင်တို့ဟာ ကွတ်ခိုင်မြို့နယ်က ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေကြပြီး ခြေထောက်တဖက်ဆီ ဖြတ်ထားရတယ်လို့ သိရပါတယ်။
တအောင်းအမျိုးသမီးအဖွဲ့အစည်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက “လူနာတွေက ခြေထောက်တဖက်စီ ဖြတ်ထားရတယ်၊ ကျန်တဲ့တဖက်မှာဆိုလည်း မိုင်းစတွေက ရှိနေတယ်။ မိုင်းနင်းမိတဲ့ထဲက နှစ်ယောက်ဆို တယောက်က စတီးထည့်ထားရတယ်။ နောက်တယောက်က ထပ်ဖြတ်ရမယ့် အနေအထားရှိတယ်။ အခုမိုင်းနင်းမိသူတွေက သူတို့လုပ်ငန်းခွင်ကို သွားတဲ့အချိန်မှာ နင်းမိကြတာပေါ့။ သူတို့ ထင်းသွားခုတ် ကျွဲသွားကျောင်းနေကျ နေရာတွေ ဖြစ်တယ်ပေါ့နော်။ စစ်ဆင်ရေးပြီးသွားပြီးနောက်ပိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ နေထိုင်ခဲ့တဲ့ နေရာမှာ မိုင်းတွေထောင်ခဲ့ကြတော့ သူတို့လုပ်ငန်းခွင်သွားတဲ့အချိန်မှာ နင်းမိတာမျိုးပါ” လို့ ပြောပါတယ်။
မြေမြှုပ်မိုင်းနင်းမိသူတွေကို တအောင်းအမျိုးသမီးအဖွဲ့အစည်းကလည်း ဆေးဖိုးအချို့ ကူညီပေးနေပြီး ဒဏ်ရာရသူတွေဟာ အလုပ်မလုပ်နိုင်တဲ့အတွက် စားဝတ်နေရေး အခက်အခဲ ကြုံနေတယ်လို့ သိရပါတယ်။