ဂျာမနီနိုင်ငံမှာ ဧပြီ ၁ ရက် ဒီနေ့ကစပြီး ဆေးခြောက်သုံးစွဲခွင့်ကို အကန့်အသတ်နဲ့ တရားဝင် ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။
ဥပဒေအပြောင်းအလဲဟာ April Fool နေ့မှာ ဖြစ်ပေါ်လာပေမဲ့ ဟာသမဟုတ်ဘဲ ခေါင်းခဲရမယ့်ကိစ္စလို့ ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေက သုံးသပ်ထားပါတယ်။
ဂျာမနီမှာ အရင်ကတည်းက လူသန်းနဲ့ချီပြီး ဒီလိုပဲ ဆေးခြောက် လိပ်သောက်နေကြတာကြောင့် ပိတ်မရတဲ့အတူတူ အထိန်းအကွပ်နဲ့ လွှတ်ပေးဖို့ ဥပဒေပြဋ္ဌာန်းခဲ့ကြတာပါ။
ဥပဒေသစ်အရ အသက် ၁၈ နှစ် ကျော်ပြီးသူတွေဟာ လက်ဝယ်မှာ ဆေးခြောက် ၂၅ ဂရမ်အထိ ထားခွင့်ရှိမှာဖြစ်ပြီး အိမ်မှာ တယောက်ကို သုံးပင်အထိ စိုက်ခွင့်ရမှာပါ။
ဒါပေမဲ့ ကျောင်းတွေ၊ အားကစားကွင်းတွေနားမှာ သောက်ခွင့်မရှိသလို အများလျှောက်လှမ်း သွားလာတဲ့ နေရာတွေမှာလည်း မနက် ၇ နာရီကနေ ည ၈ နာရီအတွင်း သောက်ခွင့်မရှိပါဘူး။
လာမယ့် ဇူလိုင်ကျရင်တော့ အဖွဲ့ဝင် ၅၀၀ အထိ ပါလို့ရတဲ့ ဆေးခြောက်စိုက်ပျိုးရေးအသင်း၊ လူမှုရေးကလပ်တွေ ဖွဲ့ခွင့်ရမှာပါ။
အဖွဲ့ဝင်တွေက ဂျာမနီမှာ နေတဲ့သူတွေ အရွယ်ရောက်ပြီးသူတွေ ဖြစ်ဖို့လိုပါတယ်။ ဒီလိုကလပ်တွေဟာ စီးပွားဖြစ်မဟုတ်ဘဲ အကျိုးအမြတ်မယူတဲ့ အသင်းတွေပုံစံ လည်ပတ်ရမှာပါ။ အဲဒီကလပ်မှာတင် စုသောက်ကြတာမျိုးလည်း ခွင့်မပြုဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ ပေးသောက်တဲ့ကာလနဲ့ ကလပ်ဖွဲ့တဲ့ကာလ အကြားမှာ အချိန်ခြားနေတာကြောင့် ဘယ်သူမှ အိမ်မှာ သုံးပင်စိုက်မနေဘဲ မှောင်ခိုပဲ ဝယ်သောက်ကြမှာ များမယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။
ကလပ်တွေပေါ်လာလည်း မှောင်ခိုရောင်းသူတွေက ဒီကလပ်တွေကို ဟန်ပြလုပ်ပြီး အရောင်းအဝယ် လုပ်ကြမှာလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
Source/Photo-Reuters