ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းဖို့ အဓမ္မမဲနှိုက်ခိုင်းပြီး မဲပေါက်တဲ့ လူငယ်တချို့ ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကန်ကြီးထောင့်မြို့နယ်၊ လိပ်ကမ်ဘာကျေးရွာအုပ်စု၊ လိပ်ကမ်ဘာကျေးရွာနဲ့ ဝဲချောင်းကျေးရွာတွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်က မတ် ၁၉ နဲ့ ၂၀ ရက်တွေမှာ စစ်မှုထမ်းဖို့ အဓမ္မမဲနှိုက်ခိုင်းပြီး အရပ်သား ဒေသခံလူငယ်နှစ်ယောက် မဲပေါက်ခဲ့တာလို့ သိရပါတယ်။
အဲဒီ မဲပေါက်တဲ့ လူငယ်နှစ်ယောက်ကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက စစ်ကောင်စီတပ်ကို တင်ပြဖို့အတွက် မတ် ၂၅ ရက်မှာ စာရင်းယူဖောင်ဖြည့်ဖို့ လုပ်တဲ့အခါ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အကြမ်းဖက်အုပ်မှူး သိန်းမြင့်က အတင်းအဓမ္မမဲနှိုက်ခိုင်းတာ။ ကလေးတွေက ကြောက်တော့ မဲနှိုက်တာပေါ့။ ပေါက်မဲကျတဲ့ လူငယ်တွေက အခု စစ်မှုမထမ်းချင်လို့ အိမ်ကနေ ထွက်ပြေးသွားပြီး။ စစ်ကောင်စီတပ်က အုပ်ကြီးအိမ်ကို ခဏခဏလာတာ တွေ့ရတယ်” လို့ ကျေးရွာဒေသခံတယောက်က ပြောပါတယ်။
ဒေသခံ နောက်တယောက် "စစ်မှုထမ်းကိစ္စနဲ့ အုပ်ကြီးပဲ ဆိုးနေတာမဟုတ်ဘူး၊ ရာအိမ်မှူးနိုင်စိုးကလည်း အတူတူပဲ။ စစ်မှုထမ်းစာရင်းကောက် သူတို့သားသမီးတွေနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ရှိသူတွေ ဆွေမျိုးတွေကို ဖယ်ထုတ်ပြီး ကောက်တယ်။ အခု ထွက်ပြေးသွားတဲ့ လူငယ်တွေ ပြန်မလာရင် ထပ်မဲနှိုက်ခိုင်းမယ်၊ ပေါက်တဲ့သူ တခါတည်း စစ်မှုထမ်းခိုင်းတော့မယ်လို့ ပြောတာ” လို့ ပြောပါတယ်။
အဲဒီလူငယ်တွေ ထွက်ပြေးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူငယ်တွေရဲ့ မိသားစုတွေကို စစ်ကောင်စီနဲ့ အုပ်ချုပ်မှူးက ပြန်လာဖို့ စုံစမ်းခေါ်ယူတာ မလုပ်ရင် မိသားစုတွေကို ဖမ်းဆီး ထောင်ချမယ်ဆိုပြီး ဖိအားပေးနေတယ်လို့ ဒေသခံတွေဆီ သိရပါတယ်။
ဒါ့အပြင် အဲဒီကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေထဲမှာ အသက် ၁၈ ပြည့် လူငယ်အမျိုးသားတွေ များတာကြောင့် စစ်မှုထမ်းစာရင်းကောက်ရာမှာ အသက် ၂၄ နှစ်ကနေ ၃၅ အတွင်းရှိတဲ့ အမျိုးသားတွေကို ပြောင်းလဲစာရင်းကောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။