Home
နိုင်ငံတကာ
ဂါဇာအပစ်ရပ်ရန် အီစတာပွဲတော်နေ့တွင် ပုပ်ရဟန်းမင်းကြီး တောင်းဆို
DVB
·
April 1, 2024
PopeFrancis_01042024

မတ် ၃၁ ရက်မှာ ကျရောက်တဲ့ အီစတာပွဲတော်နေ့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဂါဇာမှာ အပစ်အခတ် ရပ်စဲကြဖို့နဲ့ အစ္စရေးဓားစာခံတွေ ပြန်လွှတ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ခရစ်ယာန်ပြက္ခဒိန်ရဲ့ အရေးပါဆုံး နေ့တနေ့မှာ ပုပ်ရဟန်းမင်းက စစ်ပွဲရဲ့ အတိဒုက္ခတွေ အကြောင်း အဓိက ဟောကြားခဲ့ပါတယ်။

ပန်းတွေ၊ လူတွေနဲ့ ပြည့်နေတဲ့ ဗာတီကန်စီးတီး၊ စိန့်ပီတာရင်ပြင်မှာ ပုပ်ရဟန်းမင်း ကြီးမှူးကျင်းပတဲ့ မစ္ဆားတရားပွဲမှာ ပုပ်ရဟန်းမင်းက “မြို့တော်မှသည် ကမ္ဘာကြီးဆီသို့” လို့ အဓိပ္ပာယ်ရတဲ့ အူရ်ဘီအတ်အော်ဘီ ကောင်းချီးမင်္ဂလာ ပေးသနားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းက “ကလေးတွေရဲ့ မျက်လုံးထဲမှာ သူတို့ ဘယ်လောက် ဒုက္ခခံစားနေရသလဲဆိုတာ မြင်နိုင်ပါတယ်။ စစ်ပွဲဇုန်က ဒီကလေးတွေဟာ ရယ်မောဖို့ မေ့လျော့နေကြပါပြီ။ ဘာဖြစ်လို့လဲ၊ ဘာ့ကြောင့် ဒီလိုသေရသလဲ၊ ဘာ့ကြောင့် ဒီလိုပျက်စီးရသလဲလို့ သူတို့မျက်လုံးတွေက ကျွန်ုပ်တို့ကို မေးနေသလိုပါပဲ” လို့ပြောကြားခဲ့ပါတယ်။

သက်တော် ၈၇ နှစ် ရှိပြီဖြစ်တဲ့ ဖရန်စစ်ဟာ ပြီးခဲ့တဲ့အပတ်တွေထဲ ကျန်းမာရေး မကောင်းတဲ့အတွက် လူရှေ့ သိပ်မထွက်ခဲ့သလို Good Friday နေ့ပွဲကိုလည်း မတက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အီစတာပွဲတော် အခမ်းအနားတွေကိုတော့ တက်ရောက်နိုင်ခဲ့ပါတယ်။

အီစတာပွဲတော်ဟာ ဂျီးဆက်ခရစ်တော် သေရာက ရှင်ပြန်ထမြောက်တဲ့နေ့အဖြစ် ခရစ်ယာန်ဘာသာဝင်တွေက ကျင်းပတာဖြစ်ပါတယ်။

တရားပွဲအပြီးမှာ အမိုးဖွင့် ပုပ်ရဟန်းမင်းစီးတော်ယာဉ်နဲ့ ပရိသတ်ကို လိုက်လံနှုတ်ဆက်ခဲ့ပါတယ်။ တရားပွဲကို လူ ၆၀,၀၀၀ တက်ရောက်ခဲ့တယ်လို့ ဗာတီကန်က ထုတ်ပြန်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024