တူရကီနိုင်ငံရဲ့ အကြီးဆုံးမြို့ကြီးတွေဖြစ်တဲ့ အစ္စတန်ဘူလ်မြို့နဲ့ အန်ကာရာ မြို့ကြီးတွေမှာ မတ် ၃၁ ရက်က မြို့တော်ဝန်ရွေးကောက်ပွဲကျင်းပရာမှာ အတိုက်အခံတွေက အနိုင်ရခဲ့တဲ့အတွက် သမ္မတရဲ့ မျှော်လင့်ချက်တွေ ပျက်ခဲ့ရပါတယ်။
လက်ရှိအာဏာရ ညွန့်ပေါင်းတွေက လိုချင်တဲ့မဲရလဒ်ကို မရခဲ့လို့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်ရင်း အားနည်းချက် ချို့ယွင်းချက်တွေကို ရင်ဆိုင်သွားမယ်လို့ သမ္မတ တေယစ် အာဒိုဂံက ဧပြီ ၁ ရက်မှာ ပြောပါတယ်။
အန်ကာရာမြို့တော်မှာ ထောက်ခံသူတွေကို ပြောရာမှာ အာဒိုဂံက ရွေးကောက်ပွဲဟာ သူ့မဟာမိတ်တွေအတွက် အဆုံးသတ်မဟုတ်ခဲ့ဘဲ မျဉ်းကွေးတခုပေါ်က အလှည့်အပြောင်း အမှတ်တခုသာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် တူရကီစီးပွားရေးကို အားလျော့စေခဲ့တဲ့ ရွေးကောက်ပွဲသံသရာက အဆုံးသတ်ပြီလို့လည်း အာဒိုဂံက ဆက်ပြောခဲ့ပါတယ်။
တူရကီနိုင်ငံရဲ့ အဓိကအတိုက်အခံ CHP ပါတီက ကိုယ်စားလှယ်လောင်းနဲ့ လက်ရှိ အစ္စတန်ဘူလ်မြို့တော်ဝန် အစ်ခရင်မ် အီမာမိုဂလူက နိုင်ငံရဲ့ အကြီးဆုံးမြို့မှာ မြို့တော်ဝန် ရွေးကောက်ပွဲရဲ့ ကနဦးရလဒ်အတွက် အရမ်းဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်လို့ မတ် ၃၁ ရက်က ပြောခဲ့ပါတယ်။
နိုင်ငံရဲ့ ညွှန်ကြားချက်ကို အာဏာပိုင်တွေက လက်ခံပါတယ်၊ တဦးတည်းအုပ်ချုပ်တဲ့ ကာလက ဒီကနေ့ အဆုံးသတ်ပါပြီလို့ မြို့တော်ဝန် အီမာ မိုဂလူက ပြောခဲ့ပါတယ်။
ပါတီက ရွေးကောက်ပွဲပြန်ဝင်တဲ့ အန်ကာရာမြို့တော်ဝန် မန်ဆော် ယာဗက်စ်ကလည်း အောင်ပွဲခံကြောင်း ကြေညာခဲ့ပါတယ်။
ပြည်လုံးကျွတ် ရွေးကောက်ပွဲအတွင်း အတိုက်အခံ CHP ပါတီက အန်ကာရာ အပါအဝင် မြို့ပေါင်း ၁၆ မြို့မှာ အောင်ပွဲခံခဲ့တာပါ။
တနင်္ဂနွေနေ့ မဲရလဒ်တွေဟာ NATO အဖွဲ့ဝင် တူရကီနိုင်ငံမှာ နှစ် ၂၀ ကျော် အာဏာရလာတဲ့ အာဒိုဂန်နဲ့ သူ့ပါတီရဲ့ အဆိုးဆုံးရှုံးနိမ့်မှုကို ပြခဲ့ပါတယ်။ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲကို အချက်ပြတာလည်း ဖြစ်နိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ခဲ့ပါတယ်။
အီမာမိုဂလူရဲ့ အောင်ပွဲဟာ အနာဂတ် နိုင်ငံ့ခေါင်းဆောင် ဖြစ်လာရေး သူ့အတွက် မျှော်လင့်ချက်တွေကို ထပ်လောင်း အားဖြည့်ပေးလိုက်တာလို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။
Source/Photo-Reuters