Home
မြန်မာသတင်း
ကမ်းထောင်းကြီးမြို့ကို စစ်တပ်က ဗုံးကြဲ၊ စာသင်ကျောင်းနှင့် လူနေအိမ်များ မီးလောင်
DVB
·
April 1, 2024
KanHtaungGyi Bomb SAC 1_01042024
KanHtaungGyi Bomb SAC 2_01042024
KanHtaungGyi Bomb SAC 3_01042024

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်က ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ မတ် ၃၁ ရက် ည ၈ နာရီမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းတကျောင်း အပါအဝင် လူနေအိမ် လေးလုံး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မီးလောင်ပျက်စီးသွားတဲ့ အိမ်တွေနဲ့ စာသင်ကျောင်းတွေဟာ ကမ်းထောင်းကြီးမြို့ ရခိုင်ကုန်းရပ်ကွက်က အခြေခံပညာ မူလတန်းလွန်ကျောင်းဖြစ်ပြီး လူနေအိမ်ကလည်း ကျောင်းအနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့အိမ်တွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကမ်းထောင်းကြီးမြို့ ဒေသခံတဦးက “ည ၈ နာရီလောက်က လေယာဥ်နဲ့လာပြီး ဗုံးချသွားတာ။ လူတွေအိပ်ဖို့အချိန်ဆိုရင် ဗုံးလာကြဲပြီ။ ဒီတခါနဲ့ဆိုရင် တလအတွင်းမှာ ဗုံးလာကြဲတာက သုံးခါရှိပြီ။ အခုတော့ လူနေအိမ်နဲ့ စာသင်ကျောင်းတွေ မီးလောင်သွားတယ်။ နောက်တခါဆိုရင် ဘယ်သူ ထိခိုက်ပြီး ဘယ်သူသေမယ် မသိတော့ဘူး။ ဒီမှာနေရတာ ဘယ်လိုမှ လုံခြုံမှုမရှိဘူး။ အသက် သေမယ့်နေ့ကို ထိုင်စောင့်နေရသလိုပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ မြေပုံမြို့နယ်က ကမ်းထောင်းကြီးမြို့ကို မတ် ၂၉ ရက်ကလည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံခြောက်ဦး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်။

ဒါ့အပြင် မတ် ၂၄ ရက်ကလည်း ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံဝန်းထဲက အဆောက်အအုံတွေ ပျက်စီးသွားပြီး ဆေးရုံဝန်ထမ်းတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကမ်းထောင်းကြီးမြို့ပေါ်ရပ်ကွက်မှ ဒေသခံတဦးက “ဒီမြို့က တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ တလတည်းမှာတောင် လေကြောင်းနဲ့ ဗုံးလာကြဲတာက သုံးခါ ရှိနေပြီ။ ပြည်သူတွေလည်း မနေရဲကြတော့ဘူး။ အကုန်လုံး တောထဲပြေး တောင်ထဲပြေးနဲ့ အနီးအနားက အမ်း၊ မြေပုံမြို့တွေကို ထွက်ပြေးနေကြပြီ။ အနီးအနားက ရွာတွေမှာလည်း နေ့တိုင်းနီးပါး လက်နက်ကြီးကျ၊ မီးလောင်၊ မိုင်းမိတာတွေနဲ့ ပြည်သူတွေ နေ့တိုင်းနီးပါး သေနေကြရတယ်” လို့ ပြောပါတယ်။

ကမ်းထောင်းကြီးမြို့ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ အမ်းမြို့နဲ့ ရက္ခိုင့်တပ်တော်ဘက်က ထိန်းချုပ်ထားတဲ့ မြေပုံမြို့ကြားမှာ ရှိပြီးတော့ အမ်းမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်းတွေကနေ နေ့စဥ်ရက်ဆက် မြေပုံမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေပါတယ်။

လက်ရှိ ကမ်းထောင်းကြီးမြို့ခံတွေ အများစုဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီး စစ်ကောင်စီက ကုန်းလမ်းနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ထားတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ စျေးတက်နေပြီး ပြတ်လပ်မှုတွေနဲ့လည်း ကြုံနေရပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက စစ်ရေးရှုံးနိမ့်မှုတွေ ဆက်တိုက်ကြုံတွေ့နေရတာကြောင့် ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားတဲ့ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ကျောက်တော်မြို့တွေကို လေကြောင်းနဲ့ ဆက်တိုက်ဆိုသလို ဗုံးကြဲနေပြီး အရပ်သား ပြည်သူတွေ နေထိုင်ရာတွေကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်နေပါတယ်။

ရခိုင်တကျော့ပြန်စစ်ပွဲတွေ စတဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ စစ်ကောင်စီရဲ့ လေကြောင်း အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အရပ်သားပြည်သူတွေကို ပစ်ခတ်တာကြောင့် ရခိုင်ပြည်နယ်မှာ အရပ်သား သေဆုံးသူ ၂၀၀ ကျော် ရှိလာပြီး ဒဏ်ရာရရှိသူ ၅၀၀ ကျော် ရှိလာပြီလို့ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားတဲ့ မြို့တွေက အရပ်သားပြည်သူတွေ နေထိုင်ရာတွေကို လေကြောင်းနဲ့ ဆက်တိုက်နီးပါး တိုက်ခိုက်နေတာကြောင့် အရပ်သား သေဆုံးမှုနှုန်းနဲ့ ဒဏ်ရာရရှိမှု အရေအတွက် ပိုမိုမြင့်တက်လာပါတယ်။

စစ်ရေးရှုံးနိမ့်မှုတွေနဲ့အတူ ရခိုင်ပြည်နယ်က စစ်ရေးအတွက် အချက်အချာကျတဲ့မြို့တွေ၊ ဗျူဟာကုန်းတွေနဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ချ အလင်းဝင်မှုတွေကြောင့် ရခိုင်ပြည်နယ်ကို လက်လွှတ်ဆုံးရှုံးရမယ့်အရေးနဲ့ ကြုံတွေ့နေတဲ့ စစ်ကောင်စီဟာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ အပါအဝင် ဈေး၊ ယဥ်ကျေးမှုအမွေအနှစ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ဖျက်ဆီးနေပါတယ်။

စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပြည်သူလုထုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့အပေါ် ရခိုင်ပြည်သူတွေအနေနဲ့ စစ်ရေးသတိဝီရိယထားပြီး သွားလာကြဖို့၊ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ ရက္ခိုင့်တပ်တော်က တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013