Home
မြန်မာသတင်း
တနင်္သာရီနှင့် ဘုတ်ပြင်းတို့တွင် စစ်ကောင်စီတပ်ရင်းများ ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
April 1, 2024
BokePyin Drone_01042024

တနင်္သာရီတိုင်းထဲက မြို့နယ်နှစ်ခုမှာ ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်ရင်းလေးခု ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

တနင်္သာရီမြို့နယ် အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်နဲ့ ကမ္မလိုင်းရွာအခြေစိုက် ခမရ ၅၅၈ တပ်တို့ကို မတ် ၃၀ ရက် ည ၁၁ နာရီကနေ နောက်တရက် မတ် ၃၁ ရက် မနက် ၄ နာရီအတွင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ (ADF ဒရုန်းတပ်ဖွဲ့) က ဒရုန်းနဲ့ ဗုံးသီးရှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

မြိတ်ခရိုင်စစ်ကြောင်း ၁ ရဲ့ တာဝန်ခံတဦးက “တပ်အဆောက်အဦတွေတော့ ထိတယ်လို့ သိရတယ်။ အသေးစိတ်ကို စုံစမ်းဆဲပါ။ တပ်ခြံစည်းရိုးအတွင်း အားလုံးကျတယ်။ အဆောက်အဦတချို့လည်း ထိတယ်။ သူတို့ဘက်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေ ရှိပါတယ်။ ရဲ‌ဘော်တွေ ထိခိုက်မှုမရှိပါဘူး” လို့ ပြောပါတယ်။

ဒရုန်းတိုက်ခိုက်မှုက စစ်ကောင်စီတပ်ရင်း အဆောက်အအုံတွေအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးရှိခဲ့တယ်လို့ သိရကာ စစ်ကောင်စီတပ်သား ထိခိုက်မှုတွေကိုတော့ အသေးစိတ် စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ လေညာကျေးရွာရှိ ခမရ ၅၅၉ နဲ့ ခမရ ၅၆၀ တပ်ရင်းနှစ်ခုက စစ်ကောင်စီ ဗဟိုကင်းတွေကိုလည်း ပြီးခဲ့တဲ့ မတ် ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ ဒရုန်းနဲ့ ဗုံးသီး လေးကြိမ် သွားရောက်ကြဲချခဲ့တယ်လို့ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ကြဲချခဲ့တဲ့ ဗုံးသီးတွေက စစ်ကောင်စီရဲ့ လက်နက်ကြီးအထိုင်ချပြီး ဗုံးသီးတွေထားတဲ့ နေရာကို ကျရောက်ခဲ့ပြီး ထပ်ဆင့်ပေါက်ကွဲထွက်လာကြောင်း၊ ဗုံးကြဲတဲ့နေရာမှာပဲ စစ်ကောင်စီတပ်သားငါးဦး သေဆုံးခဲ့ပြီး ခုနှစ်ဦး ဒဏ်ရာရကာ ဘုတ်ပြင်းမြို့ စစ်တပ်ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

အဲဒီဗုံးသီးချ တိုက်ခိုက်မှုကိုတော့ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းနဲ့ Dragon Squad အဖွဲ့က အတူပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်းမှာလည်း တနင်္သာရီမြို့နယ်ဘက်က စစ်ကောင်စီတပ်ရင်းတွေမှာ အင်အားထပ်တိုးလာကြပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာတာကြောင့် ခရီးသွားပြည်သူတွေနဲ့ ဒေသခံပြည်သူတွေ အသွားအလာ ဂရုပြုကြဖို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အသိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013