ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကမ္ဘာတဝန်းမှာ ဖောက်ခွဲအကြမ်းဖက်မှုတွေကြောင့် အရပ်သား အသေအပျောက်အများဆုံး ၅ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေတယ်လို့ Action on Armed Violence(AOAV) အဖွဲ့က ထုတ်ပြန်ပါတယ်။
AOAV အဖွဲ့ကတော့ လန်ဒန်အခြေစိုက် အစိုးရမဟုတ်တဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတခု ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ လက်နက်ကိုင်အကြမ်းဖက်မှု ဖြစ်ပွားမှုတွေနဲ့ အကျိုး သက်ရောက်မှုတွေအပေါ် သုတေသနနဲ့ စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။
အင်္ဂလိပ်ဘာသာနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အချက်အလက်တွေပေါ် မူတည်ပြီးတော့ သုတေသနပြု ဖော်ပြထားတဲ့ ၅ နိုင်ငံထဲမှာတော့ စစ်မီးတောက်လောင်နေတဲ့ မြန်မာနိုင်ငံ အပါအဝင် ဂါဇာ၊ ယူကရိန်း၊ ဆီးရီးယားနဲ့ ပါကစ္စတန်နိုင်ငံတွေ ပါဝင်နေတာပါ။
မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တလတည်းမှာ ဖောက်ခွဲအကြမ်းဖက်မှု ၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီထဲက ၂၇ ကြိမ်မှာ အရပ်သားထိခိုက်သေဆုံးမှု ၂၇၀ နီးပါး ရှိခဲ့ကာ အဲဒီထဲက အယောက် ၂၀ နီးပါးကတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေဖြစ်တယ်လို့ AOAV အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ဖောက်ခွဲအကြမ်းဖက်မှုတွေရဲ့ ၉၉ ရာခိုင်နှုန်းလောက်ဟာ လူနေထူထပ်တဲ့ နေရာတွေမှာ ဖြစ်ပွားခဲ့ပြီး တိုင်းနဲ့ ပြည်နယ်အလိုက် ကြည့်မယ်ဆိုရင်တော့ ရခိုင်ပြည်နယ်မှာ တလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၁၁၇ ယောက်နဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၈၄ ယောက်နဲ့ ဒုတိယအများဆုံးဖြစ်ကာ အဲဒီနောက်မှာတော့ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာလည်း အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာကို တွေ့ရပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဖေဖော်ဝါရီ တလတည်းမှာတင် ဖောက်ခွဲအကြမ်းဖက်မှု ၇၀၃ မှုမှာ ထိခိုက်သေဆုံးသူ အယောက် ၄,၆၀၀ ရှိခဲ့ပြီး အဲဒီထဲက ၈၂ ရာခိုင်နှုန်းကတော့ အရပ်သား ပြည်သူတွေ ဖြစ်တယ်လို့ AOAV အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ဖောက်ခွဲအကြမ်းဖက်မှုတွေဟာ လူနေထူထပ်တဲ့ နေရာတွေမှာ ဖြစ်ပွားခဲ့ပြီးတော့ အသေအပျောက် ၉၁ ရာခိုင်နှုန်းလောက်က အရပ်သားတွေဖြစ်ကာ တခြားနေရာတွေမှာ ၁၄ ရာခိုင်နှုန်းလောက်သာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။