အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ စစ်ရှောင်တွေထံက သိရပါတယ်။
မတ် ၃၁ ရက် အိန္ဒိယစံတော်ချိန် မနက် ၁၀ နာရီလောက်တွင် အိုင်ယောလ်ခရိုင်၊ ရှိမွေးစစ်ဘေးရှောင်စခန်းက လူနေအိမ် သုံးအိမ်နဲ့ ကွာလရှိခရိုင် ခင်ရမ်းရွာ စစ်ဘေးရှောင်စခန်းက လူနေအိမ် ငါးအိမ် ပျက်စီးခဲ့ပါတယ်။
စစ်ဘေးရှောင်စခန်းအတွင်းက နေအိမ်အများစုလည်း အမိုးတွေပျက်စီးခဲ့ပြီး နေအိမ် ပြန်လည်တည်ဆောက်နိုင်ဖို့ အမိုးအကာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင် အကူအညီပေးနေသူတဦးက “လေပြင်းတိုက်ပြီး မိုးကလည်း အရမ်းရွာတော့လေ အိမ်တွေ ပျက်စီးကုန်တာ၊ သူတို့ အခု လိုအပ်တာက မိုးကာ အရေးတကြီး လိုအပ်တယ်၊ အခုတော့ အဲဒီအိမ်တွေမှာပဲ နေနေကြတုန်း” လို့ ပြောပါတယ်။
အိုင်ယောလ်ခရိုင်က ရှီမွေးစစ်ဘေးရှောင်စခန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ဂတ်စ်အိုး ပေါက်ကွဲမှုကြောင့် နေအိမ် ၈ လုံး မီးလောင်းကျွမ်းမှု ဖြစ်ခဲ့ပါသေးတယ်။