Home
မြန်မာသတင်း
ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ညဘက်အသုံးမပြုရန် MSRF သတိပေး
DVB
·
April 1, 2024
MSRF Yay-Dawei Road_01042024

မွန်ပြည်နယ်၊ ရေးတောင်ပိုင်းကနေ တနင်္သာရီတိုင်း သရက်ချောင်းမြို့အထိ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ည ၆ နာရီမှ မနက် ၆ နာရီအထိ သွားလာခြင်းမပြုဖို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က  မတ် ၃၁ ရက်မှာ သတိပေးထုတ်ပြန်ခဲ့ပါတယ်။

အခုလို လမ်းပိုင်းပိတ်ဆို့တာဟာ တော်လှန်ရေးတပ်ပေါင်းစုအနေနဲ့ စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ဖို့နဲ့ စစ်ကောင်စီက အရပ်သားအသွင်ယူပြီး အရပ်သုံးကားတွေနဲ့ စစ်ရေးဖြည့်တင်းသွားလာတဲ့အတွက် ပြည်သူတွေ ထိခိုက်မှုမဖြစ်အောင် ပိတ်ခဲ့တာလို့ ဆိုပါတယ်။

MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက “ဒီလမ်းကြောင်းဟာ စစ်ကောင်စီရဲ့ တောင်ဘက်ပိုင်းအတွက် အဓိကထောက်ပို့နဲ့ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တယ်။ ညပိုင်း ပိတ်ရတာ သူတို့က ပြည်သူအယောင်ဆောင်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် ပြည်သူနဲ့ ရန်သူ ကွဲကွဲပြားပြားဖြစ်အောင် ပိတ်ခဲ့ရတာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ အရေးပေါ်ကိစ္စအတွက် မဖြစ်မနေ သွားလာလိုပါက ကျနော်တို့နဲ့ဆက်သွယ်ပြီး ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးသွားမှာပါ” လို့ ပြောပါတယ်။

အခုထုတ်ပြန်ချက်ဟာ နောက်ထပ် ထုတ်ပြန်ချက်တစုံတရာ မထုတ်ပြန်မခြင်း အကျုံးဝင်မှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်တာ၊ ခရီးသွားလာရတာ အဆင်မပြေတာ ဖြစ်တာရှိခဲ့ရင် အနူးအညွတ် တောင်းပန်ပါတယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့ပါက ဖြစ်လာမယ့် အကျိုးဆက်တွေကို  မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက လုံးဝတာဝန်ယူသွားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၂ ရက်ကလည်း ထားဝယ်ခရိုင်အတွင်းရှိ ရေး-ထားဝယ်လမ်းပိုင်းကို ည ၈ နာရီကနေ မနက် ၆ နာရီအတွင်း အသုံးမပြုဖို့ ‌ဗထူးတပ်မတော်က သတိပေးထုတ်ပြန်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013