Home
မြန်မာသတင်း
ဝိုင်းမော်တွင် တိုက်ပွဲဖြစ်၊ မိုးကောင်းမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရ
DVB
·
April 1, 2024
KIA_01042024

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ မတ် ၃၁ ရက် ညနေက စတင်ပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ရွှေညောင်ပင်ကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်နဲ့ လီဆူပြည်သူ့စစ်အဖွဲ့တို့   စစ်ကြောင်းထိုးနေစဉ် KIA ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတဦးက “ရွှေညောင်ပင် ဖော့စက်ရုံအနားမှာ တိုက်ပွဲဖြစ်တာ။ စစ်တပ်နဲ့ ပြည်သူ့စစ်က KIA ရှိနေတဲ့ဘက်ကို စစ်ကြောင်းထိုးတော့ တိုက်ပွဲဖြစ်ကြတာပဲ။ ညဘက်အထိ လက်နက်ကြီးတွေနဲ့  ပစ်ခတ်နေတာ ထိခိုက်ကျဆုံးမှုတော့ မသိရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေစဉ် ည ၆ နာရီလောက်မှ စတင်ပြီး မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အမြောက်တပ်ကနေ တိုက်ပွဲဖြစ်ပွားရာနေရာကို လက်နက်ကြီးနဲ့ အချက် ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်တာ မရှိသေးပါဘူး။

ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတော်လှန်ရေးတပ်တို့ဟာ မတ် ၇ ရက်က စတင်ကာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ မတ် ၁၉ ရက်ကလည်း  ကျေးရွာပေါင်း ၂၀ ကျော်ကို ဆက်သွယ်ထားတဲ့ ခန်လုံး ကွန်ကရစ်တံတားကို စစ်တပ်က  မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှာတော့ မတ် ၃၁ ညနေက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနေအိမ်မှာ ရှိနေစဉ် mask တပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့က  ဆိုင်ကယ်နဲ့ ရောက်လာပြီး ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဒေသခံတဦးက “Mask တွေ တပ်ထားတဲ့ ဆိုင်ကယ်နဲ့ အဖွဲ့က အုပ်ချုပ်ရေးမှူးအိမ်ကို ညနေ ၃ နာရီလောက်က ရောက်လာတယ်။  မိသားစုတွေကို ကြိုးနဲ့တုပ်ထားပြီး အုပ်ချုပ်ရေးမှူးကိုတော့ ဖမ်းသွားတယ်။ အုပ်ချုပ်ရေးမှူးကားကိုလည်း မောင်းယူသွားတယ်။ အရပ်ဝတ်နဲ့ ဆိုတော့ ဘယ်အဖွဲ့မှန်း မသိရဘူး” လို့ ပြောပါတယ်။

ဆားမှော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည်ကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့က ကျေးရွာအတွင်း နေအိမ်တွေက ပြည်သူတွေကို လိုက်လံဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်း ဒေသခံအရပ်သား နေအိမ်တွေကို လိုက်လံစစ်ဆေးနေပြီး အမျိုးသား၊ အမျိုးသမီး ခြောက်ဦးထက်မနည်းကို ဆားမှော်အခြေစိုက် ခလရ ၁၀၅ တပ်ရင်းအတွင်း ဖမ်းဆီးခေါ်ဆောင်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013