Home
မြန်မာသတင်း
ကျောင်းကုန်းမြို့နယ်၌ စစ်မှုထမ်းထောက်ပံ့ကြေး တအိမ် ကျပ် ၂၅,၀၀၀ ကောက်ခံနေ 
DVB
·
April 1, 2024
KyaungKone PTS Support_01042024

ဧရာ၀တီတိုင်း၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး တအိမ် ကျပ် ၂၅,၀၀၀ ကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ကျောင်းကုန်းမြို့နယ်၊ လက်ပန်ချောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ကြီးက စစ်မှုထမ်းမယ့်သူတွေကို ထောက်ပံ့ပေးဖို့အတွက် အထက်က ညွှန်ကြားလာလို့ဆိုကာ  မတ် ၃၀ ရက်က တအိမ်ကို ငွေကျပ် ၂၅၀၀၀ နှုန်းနဲ့ ကောက်နေတာပါ။ 

ဒေသခံတဦးက “မဖြစ်မနေထည့်ခိုင်းနေတာ ထောက်ပံ့ကြေးဆိုပြီး။ အဲဒီ အုပ်ချုပ်ရေးမှူးက ရွာက ပြည်သူတွေကို စိတ်ဒုက္ခအမျိုးမျိုးပေးနေတာ။ အခုတော့ ငွေထပ်ကောက်ပြန်ပြီး သူ စားဖို့ ကောက်တာ။ ကောက်တဲ့ငွေပေးမလား အခုအသုတ်မှာ စစ်မှုထမ်းမလားလို့ ပြောပြီး ငွေကောက်နေတာ။ ထည့်ရတဲ့သူ များတယ်လေ”လို့ ပြောပါတယ်။ 

အဲဒီ လက်ပန်ချောင်ကျေးရွာအုပ်စုမှာ ခြောက်အိမ်တန်း၊ ကျွန်းကလေး၊ ထိပ်အုပ်၊ သဲဘွက်တစ်ပိုင်၊ တန်းလျားစတဲ့  ကျေးရွာခွဲ ၅ ရွာရှိပြီး တရွာ အိမ်ခြေ ၂၀၀ နဲ့ အထက်ရှိပြီး တအိမ် ငွေကျပ် ၂၅,၀၀၀ နှုန်းနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်ကြီးက စစ်မှုထမ်း ထောက်ပံ့ကြေးပေးဖို့အတွက်ဆိုကာ ကောက်နေတာလို့ သိရပါတယ်။ 

ကိုယ်တွေ့ကြုံရတဲ့ ဒေသခံ တဦးက “အနုကြမ်းစီးတာက သက်သာဦးမယ်။ စစ်မှုမထမ်းချင်ရင် ထည့်လို့ ပြောကောက်တာ။ အုပ်ကြီးကိုယ်တိုင် လိုက်ကောက်တာလည်း ရှိတယ်။ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေက လိုက်ကောက်တာလည်း ရှိတယ်။ လာကောက်လို့ မရှိလို့ မထည့်နိုင်ပါဘူး၊ ပြောရင်လည်း မရဘူး။ ငွေလေး ၂၅,၀၀၀ လောက်ကို မွဲနေပြီးလားလို့ မေးတာ။ အုပ်ချုပ်ရေးမှူးနဲ့ ရှင်းလို့ပြောသွားတာ”လို့ ပြောပါတယ်။

ကျောင်းကုန်းမြို့နယ်မှာ စစ်မှုထမ်းဖို့အတွက် အထက်ညွှန်ကြားချက်အရဆိုကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အမျိုးသားလူငယ်တွေကို ၂၀၂၄ ခုနှစ် မတ် ၂၀ ရက်က စတင်ကာ စာရင်းကောက်နေတာလို့  သိရပါတယ်။

ဒါ့အပြင် ကျောင်းကုန်းမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ ပုံစံအမျိုးမျိုးနဲ့ ဖိအားပေး ငွေညှစ်နေတာတွေရှိပြီး ၁ ရက် ငွေ ကျပ်  ၇,၀၀၀ လောက်သာရတဲ့ တနေ့လုပ် တနေ့စား အခြေခံမိသားစုတွေအဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ 

Photo - MOI

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013