မအူပင်မြို့နယ်မှာ စစ်ကောင်စီခန့် ရပ်/ကျေးအုပ်ချုပ် ရေးမှူးတွေက မတ် ၂၅ ရက်က စတင်ပြီး ရပ်ရွာလုံခြုံရေးအတွက် ကင်းကြေးလို့ ခေါင်းစဉ်တပ်ပြီး ၁၀ ရက် တကြိမ် တအိမ်ကို ငွေကျပ် ၂၀,၀၀၀ ကို ဒေသခံတွေဆီမှာ လိုက်လံကောက်ယူနေတာလို့ သိရပါတယ်။
မအူပင်မြို့နယ်နေဒေသခံတဦးက “ကင်းစောင့်ကြေးဆိုပြီး တအိမ် ၂၀,၀၀၀ ပေးရပြန်ပြီ၊ မဖြစ်မနေ ပေးနေရတာ။ စစ်ကောင်စီတပ်ကို ကောက်ပေးရတာလို့ ပြောတာပဲ။ ကင်းလှည့်ပေးတာကြောင့် ပေးရတာတဲ့။ ၁၀ ရက်ကို တခါကောက်မယ်လို့ ပြောတာ။ ဒီဘက်တွေကော တခြားရွာတွေမှာလည်း ညဘက်အချိန်တွေပဲ ပိုက်ဆံလိုက်ကောက်တာ။ ကိုယ့်ရပ်ရွာ လုံခြုံရေးကိစ္စဖြစ်လို့ မဖြစ်မနေပေးရမယ်တဲ့။ မပေးရင် ဖမ်းမယ်လို့ ခြိမ်းခြောက်သေးတာ။ သူတို့ ထင်တဲ့အတိုင်း လုပ်နောက်တာ။ နီးရာဓားကြောက်နေရတော့ ပေးရတာပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ကင်းကြေးငွေကျပ် ၂၀,၀၀၀ မပေးနိုင်တဲ့ ဒေသခံတွေကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရဲတွေက ဖမ်းဆီးပြီး စစ်ကောင်စီတပ်ထဲကိုပို့ပြီး တရားစွဲမယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေကြောင့် နွမ်းပါးသူတွေက အိမ်မွေးတိရစ္ဆာန်တွေ၊ အိမ်သုံးပစ္စည်းတွေ ပေါင်နှံရောင်းချပေးနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
မအူပင်ဒေသခံတဦးက “မနေ့က ပိုက်ဆံ ၂၀,၀၀၀ လာကောက်တာ။ ငွေလေး ၂၀,၀၀၀ ပေးရတာ ခင်ဗျားတို့ ဘာဖြစ်သွားမှာလဲလို့ အုပ်ချုပ်ရေးမှူးက ပြောသေးတာ။ စစ်ကောင်စီ လက်ထက်မှာ နေရတာ တရက်လေးမှ စိတ်မချမ်းသာရဘူး။ မရှိတဲ့သူတွေကို တော်တော် ဒုက္ခရောက်နေတာ။ တကယ့်ကို ပုံစံအမျိုးနဲ့ နှိပ်စက်ခံနေရတာ”လို့ ပြောပါတယ်။
ဒါ့အပြင် မအူပင်မြို့နယ်မှာ စစ်တပ်ကင်းလှည့်လာတဲ့အချိန် အိမ်အပြင် အလုပ်ထွက်လုပ်ရတဲ့ လယ်သမားတွေ၊ တံငါသမားတွေ၊ မွေးမြူရေးသမားတွေကို ဖမ်းဆီးပြီး အနည်းဆုံးငွေ ကျပ် ၂ သိန်း တောင်းယူခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။