Home
Lead Story
ထားဝယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံး
DVB
·
April 1, 2024
Dawei SACcarMineAttack_01042024

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရေး-ထားဝယ်ကားလမ်းပေါ်မှာ မတ် ၃၁ ရက်က စစ်ကောင်စီ တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားအယောက် ၄၀ လောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဗထူးတပ်မတော်က ပြောပါတယ်။

ထားဝယ်မြို့ အမတ ၃၀၂ ဇဟာအမြောက်တပ်ရင်းကို အင်အားဖြည့်တင်းဖို့အတွက် ကလိန်အောင်ဘက်ကနေ လာရောက်တဲ့ အင်အား ၈၀ လောက်ပါလာတဲ့ မြေသယ်ကား ၂ စီးကို ရေး-ထားဝယ်လမ်းမပေါ်မှာ မတ် ၃၁ ရက် မနက် ၇ နာရီခွဲက တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၄၀ မမ နဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြေသည်ကား တစီးထိမှန်ပျက်စီးခဲ့ပြီး လိုက်ပါလာတဲ့ စစ်သား ၄၀ လောက်မှာလည်း ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ ဗထူးတပ်မတော်တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကလိန်အောင်ကနေ အင်အားဖြည့်ဖို့ရောက်လာတဲ့ တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုကတော့  ကားတစီးလုံးမှောက်ပြီး ကျနော် မျက်မြင်လည်း တွေ့သလို တပ်တွင်းသတင်းအရ ပါလာတဲ့ အယောက် ၄၀ လုံး ထိခိုက်သေဆုံး ဒဏ်ရာရတယ်။ အရှေ့ကားက ပြန်လှည့်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာပြန်ပစ်ပေမဲ့ ကျနော်တို့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။”

ဒီတိုက်ခိုက်မှုကို ဗထူးတပ်မတော်(BHA)နဲ့ KNLA တပ်မဟာ ၆ တပ်ရင်း ၂၇ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကို စစ်ရေးအရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့သွားလာဖို့နဲ့ စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကို ကြိုတင် ပြင်ဆင်ထားကြဖို့ ဗထူးတပ်မတော်က တိုက်တွန်းပါတယ်။

မတ် ၂၇ ရက်ကလည်း ထားဝယ်မြို့၊ ဇဟာကျေးရွာလမ်းမကြီးမှာ တော်လှန်ရေးနေ့ အခမ်းအနားအတွက် လုံခြုံရေးကင်းယူနေတဲ့ ဇဟာအမြောက်တပ်က တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး နှစ်ဦး သေဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013