Home
မြန်မာသတင်း
၂၀၂၄ ပါရီ အိုလံပစ်အားကစားပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာမှ အရည်အချင်းပြည့်မီသူမရှိ
DVB
·
April 1, 2024
Paris Olympic_01042024

အခုနှစ်ထဲမှာ ကျင်းပသွားဖို့ ရှိနေတဲ့ ၂၀၂၄ ပါရီအိုလံပစ် အားကစားပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် မြန်မာနိုင်ငံက အရည်အချင်းပြည့်မီတဲ့ အားကစားသမား တယောက်မှ မရှိသေးဘူးလို့ သိရပါတယ်။

အာဆီယံဒေသတွင်း သတင်းတွေကို ဦးစားပေးဖော်ပြတဲ့ Seasia.co ဝက်ဘ်ဆိုက်မှာ ဧပြီ ၁ ရက် ဒီကနေ့အထိ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ ခုလိုဖော်ပြထားတာဖြစ်ပြီး လတ်တလောအချိန်ထိ ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ အာဆီယံနိုင်ငံတွေကတော့ ထိုင်း အပါအဝင်  ၆ နိုင်ငံ ရှိနေတာပါ။

အဲဒီထဲမှာ ထိုင်းနိုင်ငံကတော့ ယှဉ်ပြိုင်ခွင့်ရ အားကစားသမား ၂၃ ဦးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး သူ့နောက်မှာတော့  စင်ကာပူနိုင်ငံက ယှဉ်ပြိုင်ခွင့်ရ အားကစားသမား ၁၀ ဦး၊ အင်ဒိုနီးရှားနိုင်ငံက ၇ ဦး၊ ဖိလစ်ပိုင်က ၆  ဦး၊ မလေးရှားနဲ့ ဗီယက်နမ်က ၅  ဦးစီ အသီးသီး ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့အတူ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ တီမောနိုင်ငံတွေကတော့ ၂၀၂၄ ပါရီ အိုလံပစ် အားကစားပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရ အားကစားသမားတယောက်မှ မရှိသေးပါဘူး။

လာမယ့် ဇူလိုင် ၂၆ ရက်ကနေ ဩဂုတ် ၁၁ ရက်အထိ ကျင်းပသွားမယ့် ပါရီအိုလံပစ် အားကစားပြိုင်ပွဲမှာတော့ ကမ္ဘာ့နိုင်ငံတွေ အသီးသီးက အားကစားသမားပေါင်း ၁၀၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားကြမယ်လို့ သိရပါတယ်။

ဒါ့အပြင် လုံခြုံရေးအတွက် နိုင်ငံပေါင်း ၄၅ နိုင်ငံက စစ်ဘက်၊ ရဲဘက်၊ အရပ်ဘက် အဖွဲ့ဝင် ထောင်နဲ့ချီပြီး လာရောက် ကူညီကြဖို့ ပြင်သစ်အစိုးရက အကူအညီတောင်းထားပါတယ်။ 

သန်းနဲ့ချီတဲ့ အားကစားပရိသတ်တွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်မယ်လို့ မှန်းထားတဲ့ ပွဲတော်ကြီးမှာ ပြင်သစ် ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်  ၄၅,၀၀၀၊ ပုဂ္ဂလိက လုံခြုံရေး ၂၀,၀၀၀၊ စစ်သည် ၁၅,၀၀၀ လောက် နေ့စဉ် လုံခြုံရေးယူမှာ ဖြစ်ပါတယ်။ 

ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲတွေ၊ မကြာသေးမီက ရုရှားမှာ အိုင်အက်စ်အကြမ်းဖက်မှု ဖြစ်စဉ်အပါအဝင် ခြိမ်းခြောက်မှုတွေကြောင့် ပြင်သစ်က လုံခြုံရေးတပ်လှန့်မှုကို အဆင့်အမြင့်ဆုံး သတ်မှတ်ထားတာပါ။

အခုလို နိုင်ငံတကာ အားကစားပွဲတွေမှာ လုံခြုံရေးအတွက် နိုင်ငံခြားက အကူအညီတောင်းလေ့ရှိပြီး ကာတာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတုန်းကလည်း ပြင်သစ်က အနံ့ခံခွေးတွေနဲ့ ဒရုန်းဖျက် တပ်ဖွဲ့ဝင်တွေနဲ့ စစ်ရေး အကူအညီတွေ စေလွှတ်ခဲ့ဖူးပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013