Home
မြန်မာသတင်း
စိန်လုံ စစ်ကောင်စီ ဗျူဟာတပ်စခန်းကြီးကို KIA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
DVB
·
April 1, 2024
SeinLonSACFail_01042024

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ပန်မူကျေးရွာအုပ်စု၊ စိန်လုံကဘာရွာ အခြေစိုက် သက်တမ်း ၇၀ ခန့်ရှိ စိန်လုံ စစ်ကောင်စီ ဗျူဟာတပ်စခန်းကြီးကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ဧပြီ ၁ ရက် မနက် ၇ နာရီလောက်က အပြီးသတ် ရှင်းလင်းတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

KIA ရှေ့တန်းနဲ့ နီးစပ်သူတဦးက “စိန်လုံက မနေ့ မတ် ၃၁ ရက် ညက စစ်ကောင်စီတွေ အကုန်ထွက်သွားပြီ။ ဒီမနက် ဧပြီ ၁ ရက်က တပ်ရှင်းလင်းရေးတွေ လုပ်ပြီး သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေ သယ်ယူနေကြတယ်။ သိမ်းပြီ၊ အကုန်သိမ်းရပြီ” လို့ ပြောပါတယ်။

နှစ်ပေါင်း ၇၀ လောက် သက်တမ်းရှိ စိန်လုံဗျူဟာဟာ  အင်္ဂလိပ်တွေ လက်ထက်ကတည်းက ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ စစ်တပ်စခန်းကြီး ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“မနေ့ည (မတ် ၃၁) ရက် ညနေ ၅ နာရီခန့်ကစ အဲဒီစစ်တပ်ထဲ ထိုးဖောက် ဝင်ရောက်လာပြီ။ သူတို့က မနေ့ည မခံနိုင်တော့လို့ သူတို့ဘာသာ သူတို့ ထွက်သွားတာ။”

အဲဒီ စိန်လုံ စစ်ကောင်စီ ဗျူဟာစခန်းကို ပြီးခဲ့တဲ့ မတ် ၂၉ ရက်ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့က စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“လွယ်ဂျယ်ကနေ စိန်လုံအထိ စစ်ကောင်စီတပ် မရှိတော့ဘူး။ မိုးမောက်ဘက်က စစ်တပ်တွေပဲ ရှိတော့တယ်။ ဗန်းမော်ဘက် တဖြည်းဖြည်း ရှင်းလာရုံရှိတော့တယ်” လို့ KIA နဲ့ နီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီအလောင်းတွေ ပြန့်ကျဲနေတာ တွေ့ရပေမဲ့ စာရင်းအတိအကျမသိရဘဲ ၁၂၂ မမ တလက်၊ ၁၀၅ မမ တလက်၊ ကျည်ဂိုဒေါင်လိုက်၊ တခြား လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ရိက္ခာအမြောက်အမြားကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

စိန်လုံဗျူဟာစခန်းကို အကာအကွယ်ပေးတဲ့ ကာကင်းစခန်း ရှစ်ခုရှိပြီး ဒွမ်ဘာဘွမ် တပ်စခန်း၊ လွယ်ယိန်း တပ်စခန်း၊ တိန်ရောင် တပ်စခန်း၊ ဗျန်ဝိုင် တပ်စခန်း၊ ဖော်လန်းဖျင်ယန် တပ်စခန်းတွေကို မတ် ၃၀ ရက်နဲ့ ကျန်ကာကင်းစခန်းတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေက သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013